အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 30 November 2011

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

>
> မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport
> ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်
> လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့
> ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့
> အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့်
> မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့
> အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း
> အသုံးများနေပါတယ်။
>
> Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့
> အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ
> အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ
> အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့
> ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ
> တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့
> ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။
>
> ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။
> မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း
> တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊
> လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။
>
> စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့
> ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ
> ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ
> အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့
> မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ
> ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။
>
> အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။
> ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5
> ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆
> နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊
> တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။
>
> အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊
> စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး
> ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ
> မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး
> ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ
> လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။
>
> အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ
> ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့
> ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ
> တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း
> နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို
> စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး
> အကြောင်းကြားစာတွေ ပို့နေပြီ။
>
> အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း
> အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့
> အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး
> မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။
> ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။ ကျောင်းပွဲစားကတော့
> သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့
> ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ
> ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း
> အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း
> အများကြီးပဲ။
>
> ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့
> အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short
> Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့်
> သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ
> ထုတ်ပေးပါတယ်။ ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို
> ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR –
> Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ
> လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊ အဆက်အသွယ်
> မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular
> Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။
> ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့
> လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရော
င်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ်
> Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက
> အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင်
> ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး
> လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။
>
> အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ
> ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊
> ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့
> စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့
> လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။ အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ
> ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက
> ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ
> လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။
>
> D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့
> Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ
> မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို
> ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။ အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ
> ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့
> ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို
> အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း
> လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား
> ထွက်လာရုံပါပဲ။
>
> စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ
> လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ
> သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က
> Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ
> အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ
> ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊
> Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA
> Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့
> သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ်
> ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ်
> ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ
> ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။
>
> မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့
> အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို
> ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက
> ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။
>
> စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။
> ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း
> အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့
> လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော
> ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁
> ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ
> ကောင်းပါတယ်။
>
> ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး
> စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ
> ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း
> တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။
> ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား
> တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။
>
> သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ်
> ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင်
> လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများလက်အောက်တွင်
> အလုပ်လုပ်သောအခါမှ ဘ၀ ကို စတင်ရင်ဆိုင်ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။
>
> အိုင်တီမောင်မောင်
>
> Ref:Myanmar in Singapore Blog
>
> မေမွန်ကျော်

0 comments:

Post a Comment