အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 4 May 2011

jမြန့်မာ့ေ၇း၇ာသတင်းများ...ဖတ်နိုင်ပါတယ်





  1. မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှု မေလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ ၊
  2. ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မည် ၊
  3. ပြိုင်ကားကွင်း ဆောက်မည် ၊
  4.  မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၇၇သန်းခန့်ရရှိခဲ့ ၊
  5.  ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု နှစ်လအတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက် ၊
  6.  ကျောက်ဆည် ခရိုင်တွင်လည်း စပါးခွံဖြင့် မီးလင်း ၊
  7. အင်တာနက်ဆိုင်လစဉ်ကြေး ကျပ်သုံးသောင်းသို့ ပြင်ဆင်သတ်မှတ် ၊
  8. ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်း ကြွပ်ကြွပ်အိတ် ရောင်းချခြင်းကို တရားဝင် အမိန့်စာဖြင့် တားမြစ် ၊
  9. ရန်ကုန်မြို့တွင် ပလတ်စတစ် အိတ်ပျော့များသာ ထုတ်လုပ်ရောင်းချ ရတော့မည် ၊
  10.  ခေတ်မီနည်း ပညာသုံးကတ်များ ထုတ်လုပ် ၊
  11.  ရေဓာတ်ငွေ့ဖြင့် သင်္ဘောများ မောင်းနိုင်တော့မည် ၊
  12. မီးရထားပေါ်တွင် လပ်တော့ ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာအသေး စသည့် ခရီးသည်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ရန်မလိုတော့ ၊
  13. တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/သူများအတွက် စီးပွားရေးဆိုင်ရာ ဘာသာရပ်လေးခု အခမဲ့ ပို့ချသင်ကြားပေးမည်  ၊
  14. ရန်ကုန်ဈေးကွက်တွင် ယခုလ ဆန်ဈေးနှုန်း ကျဆင်း  ၊
  15.  မြန်မာသုံးဦး ပထမဆုံးအကြိမ်ဧ၀ရက်တောင် တက်ရောက် ၊

မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှု မေလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ
မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှုလာမည့် မေလ ၆ ရက်နေ့၌ ဖြစ်ပေါ်ရန် ရှိကြောင်း နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
ကြယ်မိုးရွာသွန်းမှုသည် တစ်နှစ်လျှင် ပျမ်းမျရှစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သော်လည်း ယင်းသို့ဖြစ်ပေါ်မှုကို ရာသီဥတု အခြေအနေနှင့် လအလင်းရောင်ပေါ် မူတည်၍ ရံဖန်ရံခါမှ မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။ နွေရာသီကာလတွင်သာ အဓိက မြင်တွေ့ခွင့် ရရှိနိုင်ကာ လအလင်းရောင် မရှိသော လကွယ်နေ့၌ ဖြစ်ပေါ်မှသာ သေချာစွာ မြင်ရနိုင်ကြောင်း သိရသည်။
''ဧပြီလ ၂၂ ရက်နေ့က ကြယ်မိုးရွာခဲ့ပေမယ့် အဲဒီနေ့တုန်းက လမင်းရဲ့ အလင်းရောင်က ၈၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့အတွက် ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ခွင့် မရှိခဲ့ဘူး။ အခုဖြစ်မယ့်ဖြစ်စဉ်မှာတော့ လအလင်းရောင်က နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် မြင်တွေ့နိုင်ပါတယ်။ ကြယ်မိုးရွာတဲ့ အဓိက အကြောင်းအရင်းက တစ်နှစ်ကို ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်နေတဲ့အချိန်မှာ ဥက္ကာပျံ အစအနတွေနဲ့  ဖွဲ့စည်းထားတဲ့ အုပ်စုတွေကို ဖြတ်သန်း ရတယ်။ အဲဒီအခါမှာ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ဥက္ကာပျံ အစလေးတွေကို လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က ချေဖျက်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်ကြိုး နှစ်ခုပူးရင် အလင်းရောင် ဖြာထွက်လာတဲ့ သဏ္ဌာန်မျိုး ကောင်းကင်မှာ ဖြစ်သွားပါတယ်။ အဲဒါကို ကြယ်မိုးရွာတဲ့လို့ ခေါ်ပါတယ်''ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။


ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မည်

နေဇော်ထွန်း
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
မြန်မာနိုင်ငံတွင် ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းလိုင်းသန်း ၃၀ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ စီမံကိန်း၏ ပထမနှစ်တွင် လိုင်းလေးသန်းကို စတင်တပ်ဆင်သွားမည်ဖြစ်ပြီး ငါးနှစ်စီမံကိန်း ပြီးမြောက်သည့် အချိန်ကာလ တွင် နိုင်ငံတွင်း တယ်လီဖုန်း သိပ်သည်းဆမှာ ၅၀ ဒသမ ၆ ရာခိုင်နှုန်း အထိရှိလာမည် ဖြစ်သည်ဟု ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အထူးစီမံကိန်းများအကောင်အထည် ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁) ညှိနှိုင်း အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
နှစ်စဉ် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းများကို တိုးချဲ့တပ်ဆင်ခဲ့ရာ ယခုအချိန်တွင် တစ်နိုင်ငံလုံး တယ်လီ ဖုန်းသိပ်သည်းဆမှာ ငါးရာခိုင်နှုန်း အထိတိုးတက်လာပြီဟု ၀န်ကြီးက ပြော ကြားသည်။
တရားဝင်စာရင်းများအရ လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်းလိုင်း တစ်သန်းကျော်နှင့် မိုဘိုင်းဖုန်းလိုင်း နှစ်သန်းကျော် ရှိသည်။ "ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ။ ငါးနှစ်အတွင်းမှာ တခြားနိုင်ငံတွေလို မိုဘိုင်းဖုန်းတွေကို အလွယ်တကူ အသုံးပြုနိုင်တော့မှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပြိုင်ကားကွင်း ဆောက်မည်

မန်းသားလေး
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
ထိုင်း-မြန်မာ ပူးပေါင်း၍ မန္တလေး တွင် နိုင်ငံတကာအဆင့်မီ ပြိုင်ကား ကွင်း တစ်ကွင်းကို ဒီဇင်ဘာလအတွင်း တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါပြိုင်ကားကွင်းမှာ ခြောက်ဧက ကျယ်ဝန်းပြီး ပွဲကြည့်စင်နှင့် စားသောက်ဆိုင်ခန်းများ ပါဝင်ကာ မြန်မာနိုင်ငံ၏ဒုတိယမြောက် ပြိုင်ကားကွင်းလည်း ဖြစ်သည်။ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့အညီ မီတာ ၈၀၀ နှင့် ၁,၆၀၀ ကြား ဆောက်လုပ်သွားမည် ဟု သိရသည်။
ယင်းပြိုင်ကားကွင်းကို ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Racing Circuit ကုမ္ပဏီနှင့် မြန်မာ နိုင်ငံရှိ Top Ruby Land ကုမ္ပဏီတို့ပူးပေါင်း တည်ဆောက်သွားမည် ဖြစ်သည်။
"အဲဒီစီမံကိန်းကို အကောင်အထည် ဖော်နေပြီ။ လက်ရှိမြေနေရာကို ဘယ် နေရာမှာ လုပ်မယ်ဆိုတာတော့ အတိ ကျမသိသေးဘူး။ တခြား စီမံကိန်း အစီအစဉ်တွေလည်း အတည်တကျ မဖြစ် သေးပါဘူး"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းကားပြိုင်ကွင်းကို မြေနေရာသတ်မှတ်ထားခြင်း မရှိသေး သော်လည်း မန္တလေးလူငယ်ထုက အားရတက်ကြွစွာ မျှော်လင့်စောင့်စားလျက် ရှိသည်။
အဆိုပါပြိုင်ကားကွင်းတည်ဆောက် ပြီးပါက နှစ်စဉ်ပြိုင်ကားမောင်း အမှတ် ပေးချန်ပီယံ ပြိုင်ပွဲများ ပြုလုပ်ကာနိုင်ငံတကာအဆင့်မီ ပြိုင်ကားမောင်း သမားများ မွေးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၇၇သန်းခန့်ရရှိခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၀- မြန်မာ့ဆန် ပြည်ပသို့ မက်ထရစ်တန်ချိန် ၂၂၁၆၀၀ တန် တင်ပို့ခဲ့ရာမှ ကန်ဒေါ် လာ ၇၆. ၇၃သန်းရရှိခဲ့ကြောင်း သိရသည်။
    ယခုဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၃ရက်နေ့အထိ တင်ပို့ ခဲ့သော ဆန်တန်ချိန်များဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ရက်က ရန် ကုန်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးကိုကိုမင်း က ထုတ်ဖော်ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံသည် ဧည့်မထဆန်အမျိုးအစားများကို အိုင်ဗရီကို့စ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူဂေးရီးယား၊ ရုရှား၊ အီဂျစ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ စင်ကာပူ၊ ယူအေအီး နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။




ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု နှစ်လအတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်

အေးသီတာကျော်
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လ အတွင်း ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဧပြီလ ၂၀ ရက်နေ့ထုတ် ထိုင်း အွန်လိုင်းသတင်းစာတစ်စောင်တွင် ရေးသားထားသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ ဇန်န ၀ါရီနှင့် ဖေဖော်ဝါရီနှစ်လ၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးငွေပမာဏ ဘတ် ၂၂ ဒသမ ၉၁ ဘီလျံရှိရာ ထိုင်းဘက်မှ မြန်မာဘက်သို့ တင်ပို့မှုတန်ဖိုး ဘတ် ငွေ ၉ ဒသမ ၉၆ ဘီလျံနှင့် တင်သွင်းမှု တန်ဖိုးငွေ ဘတ် ၁၂ ဒသမ ၉၄ ဘီလျံ ဖြစ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေးဌာန (ဒီအက်ဖ်တီ) ၏ စာရင်းများကို ကိုးကား၍ ယင်းသတင်း၌ ဖော်ပြ ထားသည်။
ယင်းပမာဏမှာ အခြားနယ်စပ် ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မလေး ရှား၊ လာအိုနှင့် ကမ္ဘောဒီးယား စသည် တို့တွင် ဒုတိယ ကုန်သွယ်မှုအများဆုံး ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ဒီအက်ဖ်တီ ဦးဆောင်သော စီးပွား ရေးကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ၁၀ ကြိမ်နှင့်အထက် လာရောက်၍ စီးပွားရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဖူး ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုင်းဘက်မှ ကုန်ပစ္စည်းရောင်းချလို သူများသည် မြန်မာတွင် ၎င်းတို့နှင့် ပြိုင်ဘက်ဖြစ်သော တရုတ်၊ အိန္ဒိယ စသည်တို့ထက် ဈေးကွက်ပိုမိုရယူချင်ကြောင်း ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လကစ၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၏ အဓိက တံခါးပေါက်ဖြစ်သည့် မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပိတ်ထား ခဲ့ခြင်းကြောင့် ကုန် သည်များမှာ ရှမ်းပြည်နယ်ရှိ တာချီလိတ် နယ်စပ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကော့သောင်းနယ်စပ်နှင့် ပင်လယ်လမ်း ဘက်မှတစ်ဆင့် ကုန်သွယ်ခဲ့ကြသည်။
"နယ်စပ်ကုန်သွယ်မှုပိတ်လို့ နှစ်နိုင်ငံ ကုန်သွယ်မှု လျော့ကျမသွားနိုင်တာကို တွေ့ရပါတယ်။ လအလိုက် မနှစ်ကနဲ့ဒီနှစ် ပမာဏကို ယှဉ်ကြည့်ရင် သိသာပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုနှစ် ဇူလိုင်လ နယ်စပ်ဂိတ်မပိတ်မီ အချိန်အထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ သည် 'ကန်'ဒေါ်လာ ၁၃၉ သန်း၊ ယမန်နှစ် အလားတူ အချိန်က ၁၂၈ သန်းခန့် ရှိသည်။ နယ်စပ်ကုန်သွယ်ရေး အခြေအနေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုတွင် ထိုင်းသည် ၁၅ ရာခိုင်နှုန်း ဈေးကွက်ဝေစုရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနကဖော်ပြခဲ့ပြီး ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အထိ နှစ်နိုင်ငံကုန်သွယ်မှုမှာ 'ကန်'ဒေါ်လာ သန်း ၃၀၀ နီးပါး ဖြစ်ပြီး မြန်မာမှ ထိုင်းသို့ ဒေါ်လာသန်း ၁၅၀ ကျော် တန်ဖိုးအထိ တင်ပို့ကာ ထိုင်းမှ ဒေါ်လာသန်း ၁၄၀ ကျော်ဖိုး တင်သွင်း ခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနှင့် နယ်စပ်ကုန်သွယ်မှုအများဆုံး ရှိသည့် နိုင်ငံဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန၏ နိုင်ငံခြားကုန်သွယ်မှု စာရင်းများအရ သိရသည်။
ထိုင်းစီးပွားရေးသံမှူး Mr Prajuab Supinee က မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်မှဖြစ်ကြောင်း၊ အဆိုပါနယ်စပ် ကုန်သွယ်မှုတွင် မြ၀တီမှတစ်ဆင့် ကုန် သွယ်မှုသည် ၆၀ ရာခိုင်နှုန်း၊ ရှမ်းပြည် နယ်ရှိ တာချီလိတ်နယ်စပ်မှ ၁၀ ရာခိုင် နှုန်းနှင့် ကျန် ၁၀ ရာခိုင်နှုန်းမှာ ကော့ သောင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်းဘက်မှ ပုံမှန် ကုန်သွယ်မှုဖြစ် ကြောင်း ပြောသည်။
ထို့ကြောင့် မြ၀တီနယ်စပ်ဂိတ် ဖွင့်လှစ်လျှင် ကုန်သွယ်မှု ယခုထက်ပင် ပိုမို တိုးတက်နိုင်ကြောင်း ပြောသည်။ ထိုင်းမှ မြန်မာသို့ အီလက်ထရွန်းနစ် ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း အထွေထွေကို တင်သွင်းပြီး မြန်မာမှ ထိုင်းသို့ စိုက်ပျိုး ရေးထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း နှင့် သဘာဝဓာတ်ငွေ့များ၊တင်ပို့သည်။
ပုံမှန်ကုန်သွယ်မှုတွင်မူ ထိုင်းမှာ ယခု နှစ်တွင် တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးဖြစ်ကာ ပို့ကုန်တန်ဖိုးငွေ 'ကန်' ဒေါ်လာ ၂ ဒသမ ၃ ဘီလျံနှင့် သွင်းကုန်မှာ ဒေါ်လာသန်း ၆၀၀ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ သုံးဘီလျံခန့် ဖြစ်သည်။

ကျောက်ဆည် ခရိုင်တွင်လည်း စပါးခွံဖြင့် မီးလင်း

Posted by Popular News
ကျောက်ဆည် ခရိုင်တွင်လည်း စပါးခွံဖြင့် မီးလင်း
ကျောက်ဆည်ခရိုင်၊ညောင် ဝန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စပါးခွံ လျှပ်စစ်ဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။ ညောင်ဝန်းကျေးရွာမှ စပါးခွံ ဖြင့်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ”ကျွန်တော်တို့ဆီမှာ အစိုးရပေးတဲ့ လျှပ်စစ်ဓာတ်အား မရတဲ့အတွက်ကျေးရွာ မှာ မီးလင်းအောင် စပါးခွံ လျှပ်စစ် ဓာတ်အားပေးစက်ဝယ်ပြီး မီးပေးနေ တာ သုံးနှစ်ကျော်ပြီ။ မီးပေးတဲ့အ ချိန်ကတော့ နေ့စဉ် ညနေ ၆ နာရီ ကနေ ည ၉ နာရီခွဲအထိပါ။ မီးသုံးခ အဖြစ် လေးပေ မီးချောင်း တစ် ချောင်းကို တစ်ရက် ၁ဝဝ ကောက် ခံပါတယ်။ လေးပေ မီးချောင်း နှစ်ချောင်းနဲ့ တီဗီပါဆိုရင် တစ်အိမ် ကို ကျပ် ၃ဝဝ ယူပါတယ်။ ရွာမှာ အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ အနက် အိမ်ခြေ ၇ဝ လောက်ပဲ လျှပ်စစ် မီးသုံးတယ်။ ကျန်တာကတော့ မသုံးနိုင်သေးဘူး။ ကျေးလက်မှာ နေတဲ့သူအများစုက ဝင်ငွေနိမ့်ပါး တာလည်းပါတယ်။ တချို့ လျှပ်စစ် ဓာတ်အား မသုံးစွဲတဲ့သူတွေဆိုရင် ညမှောင်တာနဲ့ မီးလင်းတဲ့အိမ်တွေ မှာ ဝိုင်းဖွဲ့သွားနေကြပြီး အိပ်ရာ ဝင်ခါနီးကျမှပဲ ပြန်တယ်” ဟု ဆို သည်။
စပါးခွံမီးပေးစက်ဖြင့် တစ်ရက် တာလျှပ်စစ်ဓာတ်အားပေးရန်အတွက် စပါးခွံ ၁ဝ တင်းနှင့် ဒီဇယ်ဆီတစ် ပုလင်းလိုအပ်ပြီး သုံးနာရီကျော် မီး ပေးနိုင်ကြောင်း၊ ၄င်းက ဆက်လက် ပြောကြားသည်။
သူရထွန်း

အင်တာနက်ဆိုင်လစဉ်ကြေး ကျပ်သုံးသောင်းသို့ ပြင်ဆင်သတ်မှတ်
အင်တာနက်ဆိုင်လိုင်စင်များအား နိုင်ငံတော်မှ ပြန်လည်လုပ်ကိုင်လာခဲ့သည့်အတွက် လုပ်ငန်းရှင်များအတွက် ဥပဒေနှင့်အညီ အကာအကွယ်များ ပိုမိုရရှိလာနိုင်ကြောင်း ထို့ပြင် လိုင်စင်မရှိသော အင်တာနက်ဆိုင်များနှင့် လိုင်စင်ပြုလုပ်ထားသော အင်တာနက်ဆိုင်များတွင် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ လိုက်လံစစ်ဆေးအရေးယူမှုများလည်း ပြုလုပ်လာနိုင်ကြောင်း အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူများက သုံးသပ်ပြောကြား

အင်တာနက်ဆိုင်လစဉ်ကြေး ကျပ်သုံးသောင်းသို့ ပြင်ဆင်သတ်မှတ်
မြန်မာအင်ဖိုတက်ကော်ပိုရေးရှင်းက ယခင်လုပ်ကိုင်ခဲ့သည့် အများပြည်သူသုံး အင်တာနက်ဆိုင်ဖွင့်လှစ်ခွင့်လိုင်စင် ထုတ်ပေးခြင်းကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက လွှဲပြောင်းရယူပြီး နောက်ပိုင်းတွင် လစဉ်ကြေးကို ကျပ်ငါးသောင်းမှ ကျပ်သုံးသောင်းသို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထိုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာအင်ဖိုတက်ကော်ပိုရေးရှင်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့သော အင်တာနက်ဆိုင်လိုင်စင် ထုတ်ပေးပိုင်ခွင့်ကို ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁ ရက်တွင် ပြန်လည်လွှဲပြောင်း လုပ်ကိုင်ခဲ့သည်။ မြန်မာအင်ဖိုတက်ကော်ပိုရေးရှင်းတာဝန်ရှိသူတစ်ဦးက “လိုင်စင်အသစ်လျှောက်သည်ဖြစ်စေ၊ လိုင်စင်သက်တမ်းတိုးသည်ဖြစ်စေ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနကို သွားရတော့မှာပါ။ ယခင်က အင်တာနက်ဆိုင်အရေအတွက် စာရင်းဇယားတွေ အကုန်လုံးကိုလည်း ဆက်သွယ်ရေးဘက်ကို လွှဲပြောင်းပေးလိုက်ပါပြီ”ဟု ပြောသည်။

internet cafe in Yangon

အင်တာနက်ဆိုင်ဖွင့်လှစ်ခွင့် လိုင်စင်နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။ “ယခင်က အင်ဖိုတက်ကို ယာယီလုပ်ကိုင်ခွင့်ပြုခဲ့တဲ့သဘောပါ။ အခု ဆက်သွယ်ရေးက ပြန်လည်လုပ်ကိုင်တာဖြစ်ပါတယ်”ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ မြန်မာအင်ဖိုတက်သည် ၂၀၀၅ခုနှစ်မှစတင်၍ အင်တာနက်ဆိုင်လိုင်စင်များကို ချထားပေးခဲ့ပြီး၂၀၁၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဆိုင်ပေါင်း ၇၈၉ ခုကို ဖွင့်လှစ်ခွင့်ပြုခဲ့ကာ အင်တာနက်ဆိုင်များမှရရှိသော လိုင်စင်ကြေးသည် မြန်မာအင်ဖိုတက်၏ဝင်ငွေကို များစွာ တိုးတက်စေခဲ့ကြောင်း ထိုကော်ပိုရေးရှင်း၏ ၂၀၀၉-၂၀၁၀ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒဂြုံမို့နယ်တွငက် အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူတစ်ဦးက “ကုမ္ပဏီအနေနဲ့ တဆင့်ပြန်ပေးတဲ့လိုင်စင်နဲ့ နိုင်ငံတော်ကပေးတဲ့ လိုင်စင်ဆိုတော့ ကွာခြားတာတွေတောရှိတယ်။ ဆက်သွယ်ရေးကပေးတဲ့လိုင်စင်က ဥပဒေအရဆိုတော့ ဆိုင်တွေဘက်ကနေ အကူအညီတေ ရလာနိုင်ပါတယ်။ စည်းမျည်းစည်းကမ်းတွေကတော့ တိုးတာတွေလည်းရှိတယ်။ လျော့သွားတာတွေလည်းရှိတယ်။ အခုအသစ်တိုးတဲ့ စည်းမျည်းတွေဆိုရင် နိုင်ငံခြားဖုန်းခေါ်ဆိုတဲ့ ကိစ္စရပ်တွေတိုးတယ်။ အရင်က တစ်ချို့စည်းမျည်းတွေတော့ အသစ်ထဲမှာပြန်မပါလာတော့ဘူး”ဟု ပြောသည်။ အင်တာနက်ဆိုင်လိုင်စင်များအား နိုင်ငံတော်မှ ပြန်လည်လုပ်ကိုင်လာခဲ့သည့်အတွက် လုပ်ငန်းရှင်များအတွက် ဥပဒေနှင့်အညီ အကာအကွယ်များ ပိုမိုရရှိလာနိုင်ကြောင်း ထို့ပြင် လိုင်စင်မရှိသော အင်တာနက်ဆိုင်များနှင့် လိုင်စင်ပြုလုပ်ထားသော အင်တာနက်ဆိုင်များတွင် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ လိုက်လံစစ်ဆေးအရေးယူမှုများလည်း ပြုလုပ်လာနိုင်ကြောင်း အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူများက သုံးသပ်ပြောကြားသည်။

Credit: မြင့်ကျော်လှိုင် (Internet Journal)

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်း ကြွပ်ကြွပ်အိတ် ရောင်းချခြင်းကို တရားဝင် အမိန့်စာဖြင့် တားမြစ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ကြွပ်ကြွပ်အိတ်များ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်သော အမိန့်စာတစ်စောင်ကို ဧပြီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း ကြားသိရသည်။ အဆိုပါ ကြေညာချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ဆိုင်များအားလုံးတို့သည် ကြွပ်ကြွပ်အိတ်များ လက်လီလက်ကား ရောင်းချခြင်းကို လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်းနှင့် တွေ့ရှိပါက ဆိုင်ဖွင့်ခွင့် လိုင်စင်ကို ပိတ်သိမ်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ရက်များက ကြွပ်ကြွပ်အိတ် လက်လီလက်ကားဆိုင်များကို သက်ဆိုင်ရာ မြို့နယ် စည်ပင်ရုံးများမှ အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဆိုင်ရှင်များကို လူကိုယ်တိုင် ခေါ်ယူဆွေးနွေး ခဲ့ကြောင်း ကြားသိရသည်။ သို့သော် လက်ဝယ်ရှိ ကြွပ်ကြွပ်အိတ်များကို သိမ်းယူခြင်းတော့ မပြုဟုလည်း သိရသည်။

သဘာဝပတ်ဝန်းကျင်ကို နှစ်ရာနှင့်ချီ၍ ထိခိုက်စေသော ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းကို ကမ္ဘာတစ်ဝန်း၌ တားဆီးနေကြသလို မြန်မာနိုင်ငံ မန္တလေးမြို့၌လည်း ကြွပ်ကြွပ်အိတ် သုံးစွဲမှု တိုက်ဖျက်ရေး စတင်လုပ်ဆောင်ခဲ့ပြီး စံပြအနေဖြင့် အမျိုးသမီးတစ်ဦးကို ကြွပ်ကြွပ်အိတ် ခိုးသုံးစွဲမှုဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့ဖူးကြောင်း mmDailyNews မှ ဖော်ပြခဲ့ပြီး ဖြစ်လေသည်။

ရန်ကုန်မြို့အတွင်းရှိ ပလတ်စတစ်အိတ် စက်ရုံ ၁၆၄ ရုံကို ပိတ်ပစ်ရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်း ကတည်းက အစိုးရမှ အမိန့်ထုတ်ပြန်ထားသော်လည်း လတ်တလော၌ ရန်ကုန်မြို့၏ တစ်ရက်တာ ကြွပ်ကြွပ်အိတ် သုံးစွဲမှု ပမာဏသည် တန် ၆ သောင်း သို့ပင် မြင့်တက်နေသောကြောင့် တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်လေသည်။

ရန်ကုန်မြို့ကို မန္တလေးမြို့ကဲ့သို့ ကြွပ်ကြွပ်အိတ် ကင်းစင်သော မြို့ဖြစ်အောင် ကြိုးပမ်းမှု၌ ကြွပ်ကြွပ်အိတ်များ နေရာတွင် လက်ရှိ သုံးစွဲစ ပြုလာနေသော ဆွေးမြည့်လွယ်သည့် ပလတ်စတစ် အကြည်အိတ်များ အစားထိုးသွားမည် ဖြစ်လေသည်။

ရန်ကုန်မြို့တွင် ပလတ်စတစ် အိတ်ပျော့များသာ ထုတ်လုပ်ရောင်းချ ရတော့မည်

Posted by Popular News
ရန်ကုန်မြို့တွင် ပလတ်စတစ် အိတ်ပျော့များသာ ထုတ်လုပ်ရောင်းချ ရတော့မည်
ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကြိုးများ ထုတ်လုပ်သည့်စက်ရုံများမှ ပလတ်စတစ်အိတ်ပျော့များသာ ထုတ်လုပ်ရောင်းချရတော့ မည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက် နေ့တွင် ဦးလှဝင်း(Lucky Bagပလတ်စတစ်)မှပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ ပလတ်စတစ်စက်ရုံများမှ လုပ်ငန်းရှင်များသည် ဧပြီလ ၂၆ ရက် တွင် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်းရှိ ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကြိုးများကို ဧပြီ ၂၁ ရက်မှစ၍ ထုတ်လုပ်ရောင်းချခြင်း မပြုလုပ်တော့ရန် သက်ဆိုင်ရာ မှ စက်ရုံနှင့်အရောင်းဆိုင် များသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
”ရုတ်တရက်ကြီးဖြစ်သွားတာ။ တစ်နှစ်လောက် လုပ်ခွင့်ပေးထားပြီး ဖြစ်လို့ အခုလို ကြေညာလိုက်တာလို့ ယူဆတယ်။ စည်းကမ်း အတိုင်းလုပ် နေတော့ လုပ်လို့ရတယ် ထင်နေတာ။ လက်ထဲမှာလည်း ကုန်ကြမ်းတွေ တော်တော်ကျန်ခဲ့တယ်။ အချိန်နည်းနည်း ရရင်တော့ ပိုကောင်းမယ်”ဟု ဦးလှဝင်းက ပြောသည်။ ဈေးကွက်တွင်းတွင် ကြွပ်ကြွပ်အိတ်များ ရောင်းချခွင့် မရှိသော်လည်း သုံးစွဲခွင့်ရှိနေသေးပြီး အကြောင်း ကြားစာပေးပို့ပြီး နောက်နေ့မှာပင် ပိတ်သိမ်းခဲ့ကြကြောင်း ကုန်ဈေးတန်းရှိ ကြွပ်ကြွပ်အိတ် လက်ကားဆိုင်ရှင်တစ်ဦးကပြောသည်။ ထိုကဲ့သို့ ကြွပ်ကြွပ်အိတ်ရောင်းချ ခွင့် ပိတ်လိုက်၍ ၄င်းတို့၏လက်ထဲတွင် ကျန်ရှိနေသည့် လက်ကျန်ပစ္စည်းများကို စက်ရုံများသို့ပြန်လည်ပေးသွင်းရန် စီစဉ်နေကြသော်လည်း စက်ရုံများ မှ ပြန်လည်လက်ခံ၊ မခံဆိုသည်ကို တိတိကျကျ မသိရှိသေးကြောင်း အရောင်းဆိုင်များ က ပြောသည်။
”ပစ္စည်း လက်ကျန်တွေကို စက်ရုံက ပြန်သိမ်းရင်တော့ အဆင်ပြေ တာပေါ့။ စက်ရုံက ပြန်မသိမ်းဘူးဆိုရင်တော့ ဘယ်လိုလုပ်ရမှန်း မသိဘူး ပေါ့။ ဒီအတိုင်းပဲ အရှုံးခံပြီး ထားထားရမှာပေါ့”ဟု ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ကြွပ်ကြွပ်အိတ်အရောင်းဆိုင်ရှင်တစ်ဦးက ပြောပြသည်။
ထိုသို့ အရောင်းဆိုင်များမှ ပစ္စည်းပြန်လည်ပေးသွင်းရန် ကြံစည် နေကြသော်လည်း စက်ရုံတို့မှာ လက်မခံနိုင်ကြောင်း၊ လက်ရှိမှာပင် အကြေွးကိစ္စများ ရှင်းလင်းနေ ရကြောင်း လုပ်ငန်းရှင်အချို့မှ ပြောသည်။

လူနှင့် သတ္တဝါတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော အရောင်ပါကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကြိုးများ အားလုံးတို့ကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချ ခြင်း မပြုရန် ယခင်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ညွှန်ကြားချက်အမှတ် ၁/၂ဝ၁ဝ ကို ထုတ်ပြန်တားမြစ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ တားမြစ်ပြီးနောက်ပိုင်း  ပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ကြွပ်ကြွပ်အိတ် အစား ထိုး ပလတ်စတစ်အိတ်ပျော့များကို ဈေးကွက်အတွင်း တင်သွင်းခဲ့သည်။

သို့သော်လည်းကြွပ်ကြွပ်အိတ်နှင့် အရောင်ပါအိတ်များမှာ ရောင်းချ နေကြောင်း တွေ့ရှိနေရသဖြင့် ယခုအကြောင်းကြားစာများ ပေးပို့သည့် နေ့မှစ၍ ရောင်း ချခြင်းပြုပါက စီမံခန့်ခွဲရေးပြစ်ဒဏ်အရ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ ထပ်မံဖောက်ဖျက်ကျူးလွန်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းအကြောင်းကြားစာတွင် ဖော်ပြထား သည်။
ကျော်ဝင်းသူ

ခေတ်မီနည်း ပညာသုံးကတ်များ ထုတ်လုပ်

စိုးစန္ဒာဦး
အတွဲ ၂၆ ၊ အမှတ် ၅၁၄ (၂၂ - ၂၈ ၊ ၄ ၊ ၂၀၁၁)
ခေတ်မီနည်းပညာဖြင့် ရိုက်နှိပ်ထားသော ဖုန်းကတ်၊ ဘဏ်ကတ် စသည့် ကတ်အမျိုးမျိုးကို ယခုအခါ ပြည်တွင်း၌ပင် အရေအတွက် များများ၊ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း Digital Cottage မီဒီယာနှင့် ကြော်ငြာလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကတ်များကို PVC Card Printing နည်းပညာဖြင့် ရိုက်နှိပ်ခြင်းဖြစ်သည်။
"အရင်က ကတ်များများရိုက်ချင်ရင် စင်ကာပူ၊ ဘန်ကောက်၊ တရုတ်နဲ့ တရုတ်(တိုင်ပေ)မှာ သွားပြီးရိုက်ကြရတယ်။ အခုတော့ အဲဒီနည်းပညာ အတိုင်း မြန်မာနိုင်ငံမှာ ရိုက်လို့ရပါပြီ၊ လက်ရှိမှာ ကုမ္ပဏီကြီး ငါးခု၊ ခြောက်ခု လောက်နဲ့ အလုပ်လုပ်နေပါတယ်။ လာစုံစမ်းတဲ့ကုမ္ပဏီကလည်း ငါးခု၊ ၁၀ ခုလောက် ရှိနေပြီ" ဟု အဆိုပါ လုပ်ငန်းမှ ဒါရိုက်တာ မမေ၀င့်သူက ပြောသည်။
Card Printer များဖြင့် တိုက်ရိုက် ထုတ်လုပ်လျှင် ကတ်တစ်ကတ်ခြင်းစီ ၏ ကုန်ကျစရိတ်များသောကြောင့် ယခင်က ကတ်အရေ အတွက် အများအပြား လိုအပ်ပါက ပြည်ပသို့ သွားရောက် မှာယူရသည်။ အရေအတွက်များများကို ဈေးနှုန်း သက်သာစွာဖြင့် အချိန်တိုအတွင်း ထုတ်လုပ်ပေးနိုင်ခြင်း၊ ကတ်၏ အထူအပါးကို စိတ်ကြိုက် မှာယူနိုင်ခြင်း စသည့် အားသာချက်များ ရှိကြောင်း သိရသည်။
 

ရေဓာတ်ငွေ့ဖြင့် သင်္ဘောများ မောင်းနိုင်တော့မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄- သင်္ဘောများအား ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ရန်  မြန်မာ့စွမ်းအင်သစ်အဖွဲ့က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
    ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြင်းကောင်ရေ ၅၀၀ရှိသော ငါးဖမ်းသင်္ဘော ကြီးတစ်စင်းတွင်  ရေဓာတ်ငွေ့ဖြင့်ပူးတွဲမောင်းနှင်ရန် စတင်၍ ဒီဇိုင်းပြုလုပ်နေပြီ ဟု သိရသည်။
    အဆိုပါရေဓာတ်ငွေ့ထုတ်ကိရိယာအား ကျောက်၊ သဲတိုက်သော သင်္ဘော များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
    ''ရေဓာတ်ငွေ့ထုတ်ကိရိယာကို နည်းပညာအကြောင်း သိနားလည်တဲ့ အသိုင်းအ၀ိုင်းလောက်သာ အသုံးပြုသင့်တယ်။ ဂရုတစိုက်သုံးရမယ်။ အသုံးပြုတဲ့ သူက စည်းကမ်းရှိဖို့လိုတယ်။ ငါးဖမ်းသင်္ဘောမှာ ဒီဇိုင်းထုတ်တယ်ဆိုပေမယ့်လဲ သင်္ဘောရဲ့ အင်ဂျင်စက်ခန်းမှာ ဆေးလိပ်သောက်တာကိုတော့ တားမြစ်ရမှာဖြစ် ပါတယ်။
    တခြားတပ်ဆင်ချင်တဲ့ သင်္ဘောတွေရဲ့ အင် ဂျင်စက်ခန်းတွေမှာ ဆေးလိပ်မသောက်ရ လို့ တားမြစ်ထားရင်  အဲဒီသင်္ဘောတွေမှာ တပ်ဆင်အသုံးပြုဖို့ များပါတယ်''ဟု မြန်မာ့ စွမ်းအင်သစ်အဖွဲ့မှ သုတေသနပညာရှင် အင်ဂျင်နီယာဦးကျော်ကျော်က ဆိုသည်။
    ထို့ပြင် ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင် များတွင် ရေဓာတ်ငွေ့ထုတ် ကိရိယာအား တပ်ဆင်အသုံးပြုရန်  မြန်မာ့စွမ်းအင်သစ် အဖွဲ့သို့ မြန်မာနိုင်ငံအရပ်ရပ်မှ စိတ်ဝင် တစား မေးမြန်းလာသည်ဟုလည်း သိရ သည်။ ရှမ်းပြည်နယ်ကျောက်မဲမြို့၊ ရခိုင် ပြည်နယ်ကျောက်ဖြူမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ မွန် ပြည်နယ်မြိုင်ကြီးငူကျေးရွာ၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှ စုံစမ်းမေးမြန်းလာ ကြောင်း သိရသည်။
     ''စင်ကာပူနိုင်ငံမှာ တွေ့ခဲ့တဲ့ မြန်မာနိုင်ငံသားပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကလဲ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှာ လျှပ်စစ်မီးစက် ကို တပ်ဆင်ဖို့အတွက် ပုံစံထုတ်လုပ်ပေးရန် လုပ်ငန်းအပ်နှံလာပါပြီ။ ဧရာဝတီတိုင်း ဒေသကြီးဆိုရင်လဲ ဆန်စက်တွေမှာ ရေ ဓာတ်ငွေ့ထုတ်ကိရိယာ တပ်ဆင်ဖို့ စုံစမ်း မေးမြန်းလာကြတာ ဆန်စက် ရှစ်လုံး၊ ကိုး လုံးရှိပါပြီ''ဟု သုတေသနပညာရှင် အင်ဂျင် နီယာဦးကျော်ကျော်က ဆက်လက် ပြော ကြားသည်။
    ၂၀၁၀ပြည့်နှစ် မြန်မာ့စက်မှုပြပွဲ တွင် တပ်မတော်မှ အရာရှိကြီးများနှင့်ဝန် ကြီးဌာနမှ အရာရှိကြီးများကလည်း ရေ ဓာတ်ငွေ့နှင့် ပတ်သက်သော တင်ပြမှုများ အား ကြည့်ရှုအားပေးခဲ့ကြောင်း၊ အင်္ဂလန်၊ သြစတြေးလျ၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံများမှ နိုင်ငံခြားသားဧည့်သည်များကလည်း စိတ် ၀င်တစားမေးမြန်းလေ့လာခဲ့ကြောင်းသိရသည်။
    ထို့ပြင်ရေဓာတ်ငွေ့ဖြင့် မီးစက် များ၊ မော်တော်ယာဉ်များကိုလည်း စမ်းသပ် မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ နာမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်က လည်း ရှစ်လုံးထိုးမီးစက်ကြီးအား ရေဓာတ် ငွေ့ထုတ်ကိရိယာတပ်ဆင်ရန် အပ်နှံထား သောကြောင့် ဒီဇိုင်းပြုလုပ်နေပြီဖြစ်ကြောင်း၊ ဆီစားနှုန်း ရာခိုင်နှုန်း ၂၀မှ ရာခိုင်နှုန်း ၃၅ အထိ မီးစက်များတွင် သက်သာပြီး မော် တော်ယာဉ်များတွင် အမြင့်မားဆုံး ၈၇ ရာ ခိုင်နှုန်းအထိသက်သာကြောင်း သိရသည်။
    ယင်းအပြင် မြန်မာ့စွမ်းအင်သစ် အဖွဲ့သည် FAME ဆေးဝါးစက်ရုံတွင် အသုံးပြုလျက်ရှိသော 220 KVA ရှိ မီး စက်ကြီးအား ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်း နှင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ရန် စမ်းသပ်ခဲ့သော မော်တော်ကားမှာလည်း ရှစ်စီးရှိပြီဖြစ်ကာ မာဇဒါ၊ တိုယိုတာ၊ လိုက်ထရပ်၊ စူပါရုဖ်၊ ဘောက်ဝက်စ်ဂွန်၊ ပါဘလေကာ၊ ရှမ်းစတားဂျစ်များ ပါဝင် ကြောင်း သိရသည်။


မီးရထားပေါ်တွင် လပ်တော့ ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာအသေး စသည့် ခရီးသည်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ရန်မလိုတော့
မီးရထားဖြင့် ခရီးသွားသူများအနေဖြင့် လပ်တော့ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာ အသေးစသည့် ခရီးသည်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများတွက် တန်ဆာခပေးဆောင်ရန် မလိုတော့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
ထိုသို့ မကောက်ခံရန်အတွက် မြန်မာ့မီးရထားရုံးချုပ်မှ တန်ဆာဌာနနှင့်ဌာနများသို့ ဧပြီလဒုတိယအပတ်မှ စတင်ကာ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ခရီးသွားလာမှုဆိုင်ရာ လျှပ်စစ်ပစ္စည်းဥပဒေများအရ လျှပ်စစ်ပစ္စည်း အကြီးစားများကို ရထားဖြင့် သယ်ဆောင်အသုံးပြုမည် ဆိုပါက လျှပ်စစ်ပိုင်းဆိုင်ရာ တန်ဆာအမျိုးအစားပြုလုပ်၍ သယ်ဆောင်ရသည့် စည်းကမ်းချက်နှင့်အညီ ခရီးသွားသူနှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် လပ်တော့ကွန်ပျူတာ၊ ဗီဒီယိုကင်မရာစသည့် လျှပ်စစ်ပစ္စည်းများကိုလည်း တန်ဆာခကောက်ခံမှုများရှိခဲ့ကြော်း သိရှိရသည်။
“ဧပြီလ ၁၀ရက်နေ့လောက်က မြန်မာပြည်အထက်ပိုင်းကို သွားတဲ့ မီးရထားတစ်စင်းမှာ ခရီးသွားတစ်ဦး က လပ်တော့ ထုတ်သုံးနေတာကို လက်မှတ်စစ်က တန်ဆာခ ကောက်လိုက်တယ်။ အဲဒီကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ့မီးရထားရုံးချုပ် ကနေ လပ်တော့၊ ရေဒီယိုအပါအ၀င် ခရီးသည်နဲ့ တစ်ပါတည်း ယူဆောင်သွားနိုင်တဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို တန်ဆာခမကောက်ဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ အရင်စည်းကမ်းတွေအရ ရေခဲသေတ္တာ၊ တီဗီတို့လို လျှပ်စစ်ပစ္စည်းအကြီးစားတွေကိုော့ လျှပ်စစ်ပိုင်းဆိုင်ရာ တန်ဆာခလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
လက်ရှိတွင် မြန်မာ့မီးရထား တန်ဆာဌာနမှ လျှပ်စစ်ပစ္စည်းအချို့အတွက် သတ်မှတ်ထားသော တန်ဆာခများမှာ တီဗီကို၁၄လက်မမှစ၍  ကျပ်၁၄၀၀မှ ကျပ်၇၀၀၀အထိလည်းကောင်း၊ ကွန်ပျူတာတစ်စုံလျှင် ကျပ် ၄၅၀၀နှုန်းဖြင့် လည်းကောင်း၊ ဗီဒီယို ကင်မရာအကြီး တစ်လုံးလျှင် ကျပ် ၂၀၀၀နှုန်းဖြင့် လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/သူများအတွက် စီးပွားရေးဆိုင်ရာ ဘာသာရပ်လေးခု အခမဲ့ ပို့ချသင်ကြားပေးမည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/သူများအတွက် Business English, Management, Marketing နှင့် Human Resource Management ဟူသော ဘာသာရပ် လေးခုကို ပညာဒါနအဖြစ် သင်ကြားပေးသွားမည် ဖြစ်၍ မည်သူမဆို စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ လူငယ်များအတွက် ပညာဒါန အစီအစဉ်ကို မြန်မာလူငယ် စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း (MYES) နှင့် Myanmar Network တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး သင်တန်းကာလ ၆ ရက်ကြာမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း လေ့ကျင့်ခန်းများ၊ အုပ်စုလိုက် လေ့ကျင့်ခန်းများ၊ ပါဝင်သရုပ်ပြ သင်ယူခြင်း (Roleplay) စသည့် ခေတ်မီနည်းစနစ်များဖြင့် ကိုမျိုးမင်း (PS Business School) မှ သင်ကြားပေးမည် ဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့ နောက်ဆုံးထား၍ www.myanmar-network.net ၀က်ဘ်ဆိုက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ မည်သူမဆို စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။




ရန်ကုန်ဈေးကွက်တွင် ယခုလ ဆန်ဈေးနှုန်း ကျဆင်း

သိုက်ဇင်
အတွဲ ၂၆ ၊ အမှတ် ၅၁၄ (၂၂ - ၂၈ ၊ ၄ ၊ ၂၀၁၁)
ရန်ကုန် ဆန်ရောင်းဝယ်ရေးဈေးကွက် တွင် နှစ်စဉ် သင်္ကြန်ကာလမတိုင်မီ ရက် ပိုင်းအလို၌ ဆန်ဈေးနှုန်းများ မြင့်တက် လေ့ရှိသော် လည်း လက်ရှိ ဆန်ဈေးနှုန်းများမှာ မတ်လ၌ ဖြစ်ပေါ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးကျလာကြောင်း ဘုရင့်နောင် ဆန်ရောင်းဝယ်ရေးမှ ဆန်ပွဲရုံ ပိုင်ရှင်တို့က ပြောသည်။
"ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် သင်္ကြန် ကာလအတွက် ဆန်တွေကို ကြိုပြီး ၀ယ်ကြလို့ ဆန်ဈေးက တက်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ် ကတော့ ထူးထူးခြားခြား ဆန်ဈေးတောင် ပြန်ကျလာတယ်"ဟု တော်ဝင်ဆန်ပွဲရုံပိုင်ရှင် ဒေါ်ငယ်က ပြောသည်။
ဆန်းဈေးကျနေရသည့် အကြောင်းရင်းမှာ မတ်လဆန်းပိုင်း၌ ကုန်စည်များ သယ်ဆောင်ရာတွင် အာဆီယံစံနှုန်းနှင့် အညီ တင်ဆောင်ရန် သက်ဆိုင်ရာက သတ်မှတ်လိုက်ခြင်းကြောင့် ကုန်စည် ပို့ဆောင်ခနှုန်း မြင့်တက်သွား၍ ဆန်ဈေးလည်း မြင့်သွားခဲ့ရာ မတ်လ တတိယ ပတ်တွင် ကုန်ဈေးနှုန်း ပြန်လည်ထိန်းညှိရန် ကုန်တင်ယာဉ်များကို ပြန်လည် ခွင့်ပြုလိုက်ခြင်းကြောင့် ပို့ဆောင်ခနှုန်း ထားများ ပြန်ကျလာ၍ ဆန်ဈေးလည်း ပြန်ကျလာကြောင်း ၎င်းက ပြော ကြားသည်။
ဘုရင့်နောင် ဆန်ရောင်းဝယ်ရေး ဈေးကွက်တွင် ပြီးခဲ့သည့်လက ဆန်ကြမ်း အုပ်စုအမျိုးအစားတွင် ပါဝင်သည့် ဇီယာမှာ တစ်အိတ် လျှင် ကျပ် ၁၇,၅၀၀ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁၆,၅၀၀ သာရှိပြီး ဆန်ချောအုပ်စု အမျိုးအစား တွင်ပါဝင်သည့် ပေါ်ဆန်းဆန် (အလတ် စ)မှာ ပြီးခဲ့သည့်လက တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ ခန့် ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၂၉,၀၀၀ ခန့်သာ ရှိပြီး ပေါ်ဆန်း (အမြင့်စ-ရှယ်)မှာ တစ်အိတ် လျှင် ကျပ် ၃၄,၀၀၀ ခန့် ရှိကာ ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း သိရသည်။
"ပေါ်ဆန်း(ရှယ်)ကတော့ ဈေး အပြောင်းအလဲ မရှိဘူး။ ဘာလို့လဲဆိုတော့ ပေါ်ဆန်းစပါးပေါ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေ တုန်းက အချိန် အခါမဟုတ် မိုးရွာသွန်းခဲ့လို့ စပါးတွေ မိုးမိသွားတယ်။ ကြိတ်ခွဲတဲ့နေရာမှာ အကျိုးအကြေတွေ ပိုများတဲ့အတွက် ပေါ်ဆန်း(ရှယ်)က အခုလို ဈေးမြင့်သွားတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပေါ်ဆန်း(ရှယ်) တစ်အိတ်ကို ကျပ် ၃၄,၀၀၀ ခန့် ရှိခဲ့ပေမယ့် ပြီခဲ့တဲ့နှစ် ကာလတူအချိန်တုန်းက ဆိုရင် တစ်အိတ်ကို ကျပ် ၂၈,၅၀၀ ဘဲ ရှိတယ်။ ဒါကြောင့် ပေါ်ဆန်း(ရှယ်)ဈေးနှုန်းက ဒီနှစ်ထဲမှာ ကျပ် ၃၀,၀၀၀ အောက်ကို ရောက်မှာ မဟုတ်တော့ဘူး" ဟု မဏ္ဍိုင်ဆန်ရောင်းဝယ်ရေးမှ ဦးကျော်ဝင်းက ဆိုသည်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းသို့ ဆန်ဝင်ရောက်မှုပမာဏမှာ တစ်ရက်လျှင် ပျမ်းမျှ ဆန်အိတ်ရေ ၄၀,၀၀၀ ခန့် ၀င်ရောက်မှုရှိသည့်အတွက် ပြီးခဲ့သည့်မတ်လ၌ ၀င်ရောက်မှု ပမာဏ နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှု မရှိ ကြောင်း၊ အရောင်းအ၀ယ် ပုံမှန်သာ ရှိကြောင်း အခြား ဆန်ပွဲရုံပိုင်ရှင်တစ်ဦး က ပြောသည်။
ဆန်အိတ်စ်ပို့အခြေအနေမှာလည်း ပြည်တွင်း၌ ဆန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို မတ်လဆန်းကတည်းက ယာယီရပ်နား ထားပြီး မေလ၌ ပြန်လည်တင်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ဆန် စပါးလုပ်ငန်းအသင်းမှ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
"ဘာကြောင့်လဲဆိုတော့ အခုစိုက်ပျိုး ထားတဲ့ နွေစပါးက လာမယ့် မေလမှာ ဆိုရင် အလုံးအရင်းနဲ့ ထွက်ရှိလာတော့မှာ ဖြစ်တယ်။ ဒါကြောင့် ဆန် အိတ်စ်ပို့ လုပ်ငန်းကလည်း ပြန်ပွင့်လာမှာပါ။ အခု ဆန်အိတ်စ်ပို့ကို ယာယီရပ်နားထားတယ်ဆိုတာကလည်း ပြည်တွင်းမှာ ဆန်ဈေးနှုန်း တည်ငြိမ်စေဖို့ပါ။ အခု စိုက်ပျိုးထားရှိတဲ့ နွေစပါးက စိုက်ဧက သုံးသန်းခန့်ရှိပြီးတော့ တစ်ဧကကို တင်း ၈၀ ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်"ဟု ၎င်းက ဆိုသည်။

မြန်မာသုံးဦး ပထမဆုံးအကြိမ်ဧ၀ရက်တောင် တက်ရောက်

နွမ်ဘွိုင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)

ဦးခင်မောင်ချို (KMC Education)၊ ကိုဖြိုးဝေအောင် (ရွှေမင်းသား ဆပ်ပြာ)၊ ဒေါက်တာကျော်လင်းဦး (Auto-Plus Business Group) နဲ့ ဇင်မင်းဆွေ (CAD Construction) တို့ကို တွေ့ရစဉ်။
ပင်လယ်ရေမျက်နှာပြင် အထက် ၂၉,၀၂၈ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး တောင် အဖြစ် သတ်မှတ်ထားတဲ့ ဧ၀ရက် တောင်ဆီကို မြန်မာလူမျိုး များဖြစ်တဲ့ကိုဇင်မင်းဆွေနဲ့သူငယ်ချင်းသုံးဦးပါဝင်တဲ့အဖွဲ့ဟာ ပထမ ဆုံးမြန်မာနိုင်ငံသားများအဖြစ် တက်ရောက်ခဲ့ပါတယ်။
သူတို့ရဲ့တောင်တက်ခရီးကို ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၇ ရက်နေ့မှာ တောင်ခြေကို ပြန်ရောက်ခဲ့ကာ တောင်ထိပ်နဲ့ ၁၂ မိုင်အကွာ စခန်းအထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်ကို အပြန်လမ်းခရီးမှာ ပဲ ရှိသေးတဲ့ ကိုဇင်မင်းဆွေနဲ့ သူတို့ရဲ့ တောင်တက် ခရီးစဉ်အကြောင်းကို အီးမေးလ်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။
* ဧ၀ရက်ရောက်ခဲ့သူတွေရဲ့ နာမည်တွေကိုပြောပြပါဦး။
ဦးခင်မောင်ချို (KMC Education)၊ ကိုဖြိုးဝေအောင် (ရွှေမင်းသား ဆပ်ပြာ)၊ ဒေါက်တာကျော်လင်းဦး (Auto-Plus Business Group) နဲ့ ကျွန်တော် ဇင်မင်းဆွေ (CAD Construction) တို့ပါဝင်တဲ့လေးယောက် အဖွဲ့ တက်ခဲ့ကြတာပါ။ ကျွန်တော်တို့ အားလုံးက ဓာတ်ပုံရိုက်ဝါသနာ ပါတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။
* ဧ၀ရက်တောင်ခရီးကို ဘယ်လို ကြောင့် စီစဉ်ဖြစ်သွားတာလဲ။
ဧ၀ရက်တောင်က အမြင့် ၂၉,၀၂၈ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်တာရယ်၊ ကျွန်တော်တို့နိုင်ငံက ရောက်ခဲ့ဖူးတဲ့ အထောက် အထား မတွေ့ရသေးတာကြောင့်ရယ်၊ နောက်ပြီး ဒီနေရာကိုသွားရောက်တဲ့ အတွေ့အကြုံ ရချင်တာကြောင့်ရယ်၊ တက်ဖြစ်ခဲ့ကြ တာပါ။
* တောင်တက်တာကိုလည်း ၀ါသနာ ပါတယ်ပေါ့။
တောင်တက်တာက ကျွန်တော့ဝါသနာ မဟုတ်ပါဘူး။ ရှုခင်းဓာတ်ပုံတွေ ရိုက်ကူးချင်လို့ တောင်တက်ဖြစ်သွားတာပါ။
* တခြားဘယ်တောင်တွေရော တက် ခဲ့ဖူးသေးလဲ။
၂၀၀၇ ခုနှစ်၊ ဧပြီလမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ကက်ရှ်မီးယားက ဂူးလ်မတ်ဆိုတဲ့ ရေခဲတောင်ပါ တက်ခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်၊ မတ်လထဲမှာတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ရေခဲတောင်ကို တက်ခဲ့ဖူးပါတယ်။
* ကမ္ဘာ့အမြင့်ဆုံးတော်ဆီတက်ခဲ့တဲ့ အတွေ့အကြုံကိုလည်း ပြောပြပါဦး။
ဧ၀ရက်တောင်တက် ခရီးစဉ်ဟာချောမွေ့တဲ့ခရီးစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီတောင်ကိုစတက်ကတည်းက ထိပ်ဆုံး ထိတက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တောင်ထိပ် အထိတက်ဖို့ဆိုတာ တစ်လခွဲ၊ နှစ်လ အချိန်ပေးရပါမယ်။ အဲဒါကြောင့် တောင်ထိပ်နဲ့ ၁၂ မိုင်အကွာ စခန်း အထိပဲ ကျွန်တော်တို့ရောက်ခဲ့တယ်။ တကယ်တမ်း ဆက်တက်မယ်ဆိုရင် တော့ တောင်ထိပ်ကိုရောက်ဖို့ နောက် ထပ် ခုနစ်ရက်ခရီးပဲ ကျန်တော့ပေမယ့် အဲဒီခရီးက သိပ် ကြမ်းတမ်းလွန်းတယ်။ကျွန်တော်တို့ရောက်ခဲ့တဲ့ အမြင့်ပေ ၁၈,၀၀၀လောက် မှာတင် အအေးဒဏ် ၁၀ ဒီဂရီကနေ ၁၇ ဒီဂရီအထိ ခံစားခဲ့ရတယ်။ အအေးဒဏ်သာမက Mountaineering Sickness ကိုပါခံစားခဲ့ ရတယ်။ ညပိုင်း အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ နှုတ် ခမ်းကွဲတာ စသဖြင့်ပေါ့။ နောက်ပြီးအောက်ဆီဂျင်ဘူး တွေ ရှူရှိုက်ရင်း ခြေလှမ်းတစ်လှမ်းချင်း လှမ်းခဲ့ရတယ်။ ခြေ လှမ်းသုံးလေးလှမ်းလောက် မြန်မြန် သွားလိုက်ပြီဆိုရင် အရမ်းမောဟိုက် လာတယ်။ လမ်းခရီးက သဲကန္တာရတွေ၊ကျောက်တုန်းကန္တာရတွေ၊ ရေခဲပြင်တွေကိုကျော်ဖြတ်ခဲ့ရတာတွေရှိသလို ရိက္ခာတွေကိုလည်း တစ်ခါတည်းယူ သွားခဲ့ရတာမို့ အစားအသောက် အနေ အထိုင် ဆင်းရဲခဲ့ပေမယ့် မြင်ကွင်းတွေ ကတော့ တကယ့်ကို လကမ္ဘာပေါ် ရောက်နေတဲ့အတိုင်းပါပဲ။
* ဒီတော့ ဒီခရီးကိုမစခင် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။ အဲဒီပြင်ဆင်မှုတွေကရော ခရီးစဉ်မှာဘယ်လောက်အထိ အကျိုးပြုခဲ့လဲ။
ကြိုတင်ပြီး ပြဒါးလင်းဂူတို့၊ မန္တလေး တောင်တို့ တက်ထားပေမယ့် တကယ် တမ်း ဧ၀ရက်တောင်တက်ရတာ အဲဒီ အတွေ့အကြုံနဲ့ တင် မလုံလောက်ပါဘူး။ တခြားတက်ခဲ့ဖူးတဲ့ ရေခဲတောင်တွေနဲ့လည်း လုံးဝမတူဘူး။ အဓိကခံစားရတာကတော့ Mountaineering Sickness ပါ။ ဒါကြောင့်လည်း တောင်ထိပ်ကိုတက်ဖို့ဆိုရင် ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာမှာ တစ်လလောက်လာနေပြီး training လုပ်ပြီးမှ တောင်ထိပ်အထိ တက်ကြတယ်။ ဒါမှလည်းဒီက ပါးလွှာတဲ့လေထုနဲ့ နည်းနေတဲ့အောက်စီဂျင်အနေအထားကို နေသား
ကျသွားစေမှာလေ။
* ဒါဆို အစ်ကိုတို့အဖွဲ့ ဒီတောင်ကို တက်တာ ဘယ်နှရက်ကြာခဲ့လဲ။
ကျွန်တော်တို့ရဲ့ ဧ၀ရက်တောင် တက်ခရီးစဉ်ကတော့ တောင်ခြေကနေ စမယ်ဆိုရင် သုံးရက်ပဲကြာခဲ့ပါတယ်။ ဒီတောင်ကို နီပေါကနေ တက်လို့ရသလိုတိဘက်အခြမ်းကလည်း တက်လို့ရတယ်။ ကျွန်တော်တို့ကတော့ တိဘက်အခြမ်းကနေ တက်ခဲ့တာပါ။ ဧပြီလ ၁၅
ရက်နေ့ကစတက်ခဲ့တာ ၁၇ ရက်နေ့မှာတောင်ခြေက ကမ္ဘာ့အမြင့်ဆုံး ဘုန်းတော်ကြီးကျောင်းရှိတဲ့ Rongbuk ရွာလေးကို ပြန်ရောက် ခဲ့တယ်။ အဲဒီကနေ တိဘက်တစ်ခွင်နဲ့ နီပေါနိုင်ငံကိုသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။
* ဒီခရီးစဉ်က အစ်ကိုတို့အဖွဲ့အတွက်ဘယ်လိုမှတ်ကျောက်မျိုးတင်တယ်လို့ ပြောနိုင်လဲ။
ဒီခရီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဧ၀ရက်တောင်တက်ခြင်းလမ်းစလို့ ပြောလို့ရပါတယ်။ နောင် မဝေးတော့တဲ့ ကာလမှာ ကျွန်တော်တို့အဖွဲ့သော်လည်းကောင်း၊ တခြား မြန်မာနိုင်ငံသားများအနေနဲ့သော်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံကို
တောင်ထိပ်မှာ လွှင့်ထူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဧ၀ရက်တောင်ခရီးစဉ်အကြောင်းကို ၂၀၁၁ ခုနှစ်မကုန်ခင် ဓာတ်ပုံပြပွဲ နဲ့ ဆောင်းပါးစာအုပ် ထုတ်ပါမယ်။ ဓာတ်ပုံပြပွဲကို မြို့ကြီးသုံး မြို့မှာပြဖို့ စီစဉ်ထားတယ်။

0 comments:

Post a Comment