လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က 'အာရှတန်ဖိုး' ဆိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်သံများ ကြားခဲ့ကြရသည်။ အာရှ အာဏာရှင်တွေက ဒီမိုကရေစီဟာ သူတို့နဲ့ သိပ်မဆိုင်တဲ့အကြောင်း၊ အာရှရဲ့ အစဉ်အလာ မိသားစု တန်ဖိုးထားမှုတွေက အမေရိကနဲ့ ဥရောပထက် ပိုအားကောင်းကြောင်း ပြောဆိုခဲ့တဲ့ အယူအဆ ဖြစ်သည်။
တစ်နည်းအားဖြင့် ဒီအယူအဆက အာရှစီးပွားရေး ဆန်းပွင့်မှုကနေ ကြွစောင်းစောင်းဖြစ်လာရင်း၊ အနောက် ဒီမိုရေစီကို ဆန့်ကျင်အံတုဖို့ ကြိုးစားခြင်း ဖြစ်သည်။
အာရှတန်ဖိုး အယူအဆကို စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူက အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး၊ ကွန်ဖျူးရှပ် တရုတ်မိသားစုများရဲ့ အလုပ်ကြိုးစားမှု၊ ခြိုးခြံချွေတာမှု၊ ပညာကို မြတ်နိုးမှု၊ အနာဂတ် အောင်မြင်မှုအတွက် လက်ငင်းအပျော်တွေကို ရွှေ့ဆိုင်းထားနိုင်မှုတို့ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
အပေါ်ယံကြည့်ရင်တော့ အာရှမှာ အိမ်ထောင်ပြုမှုက ဆက်လက်ပြန့်နှံ့ဆဲဖြစ်ပြီး၊ တရားမ၀င် လက်ထပ်မှုနဲ့ လက်မထပ်ဘဲအတူနေမှု ဆိုတာတွေက မရှိသလောက်ဟုပင် ထင်ရသည်။
ဆန့်ကျင်ဘက် အဖြစ် အနောက်နိုင်ငံတွေမှာက လက်ထပ်ပြီးသူ တစ်ဝက်ကျော်က ကွာရှင်းပြတ်စဲကြသည်။ ကလေး အားလုံးရဲ့ တစ်ဝက်နီးပါးကို လက်မထပ်ဘဲ မွေးဖွားခဲ့သည်။ မကြာခင်က ဗြိတိန်အနှံ့ အဓိကရုဏ်းဖြစ်မှုမှာ ပါဝင်ခဲ့တဲ့ လူငယ်အများစုက မိဘအုပ်ထိန်းမှုနဲ့ မိဘမေတ္တာ ငတ်မွတ်နေသူ အများစုဟု သတင်းတွေက ဖော်ပြကြသည်။
မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ပတ်သက်ရင် အရှေ့နဲ့ အနောက်မှာ အကြီးအကျယ် ခြားနားမှုတွေ ရှိခဲ့သည်က အမှန်ပင်။
လင်မယားမကွဲဖို့၊ အိမ်ထောင်မပြု
သို့သော်၊ ယခု အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ တို့မှာ အိမ်ထောင်ပြုမှုအပေါ်ထားတဲ့ အမြင် သဘောထားတွေ ပြောင်းလဲလာနေသည်။ ဒီလို ပြောင်းလဲလာမှုက ၂၀ ရာစု ဒုတိယတစ်ဝက်မှာ ဖြစ်ခဲ့တဲ့ အနောက်ပုံစံနဲ့ မတူ။
အခု အာရှနိုင်ငံတွေမှာ လင်မယားကွာရှင်းမှုဆိုတာက ရှားရှားပါးပါး ဆက်ဖြစ်နေသည်။ လင်မယား ကွာရှင်းမှု မရှိတဲ့အကြောင်းက အာရှသားတွေ အိမ်ထောင်မပြုဘဲ နေကြခြင်းကြောင့် ဖြစ်သည်။ အာရှသားတွေ လက်ထပ်ဖို့ ၀န်လေးကြသည်။ အိမ်ထောင့်ဝန်ကနေ ထွက်ပြေးနေကြသည်။
အာရှ အိမ်ထောင်ပြုမှုနှုန်း ကျဆင်းလာခြင်း အကြောင်းတစ်ခုက အိမ်ထောင်ပြုမယ့်အရေး ရက်ရွေး၊ လရွေး၊ နှစ်ရွေးရင်း အမျိုးမျိုး ရွှေ့ဆိုင်းနေခြင်းကြောင့်လည်း ဖြစ်သည်။
အိမ်ထောင်ပြုတဲ့ အသက်က တစ်ကမ္ဘာလုံးမှာ တိုးမြင့်လာသည်။ အထူးသဖြင့် အာရှမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ် ပိုတိုးမြင့်နေပြီး၊ ကြီးမှ ကလေးချီချင်သူတွေ များလာသည်။ အာရှသားတွေက အနောက်က လူတွေထက်တောင် ပိုနောက်ကျပြီး အိမ်ထောင်ပြုလာကြသည်။
အချမ်းသာဆုံး နိုင်ငံများဖြစ်တဲ့ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင် တို့မှ ယခု ဆယ်စုနှစ်တွေအတွင်း လက်ထပ်သူတွေရဲ့ ပျမ်းမျှ အသက်က အမျိုးသမီးတွေဆိုရင် ၂၉-၃၀ နှစ်ဖြစ်ပြီး၊ အမျိုးသားတွေက ၃၁-၃၂ နှစ် ဖြစ်သည်။
အာရှသားတွေ အိမ်ထောင်ပြု နောက်ကျရုံမျှ မဟုတ်။ လုံးဝ လက်မထပ်ဘဲ နေသူတွေကလည်း ပိုများလာနေသည်။ အသက် ၃၀ ကျော် ဂျပန်အမျိုးသမီး သုံးပုံတစ်ပုံက လက်မထပ်ကြသေး။ သူတို့ထဲက တစ်ဝက်လောက်သာ လက်ထပ်မည်ဟု ခန့်မှန်းရသည်။ အသက် ၃၀ ကျော် တိုင်ဝမ် အမျိုးသမီး ငါးပုံတစ်ပုံက အပျိုကြီးမမတွေ ဖြစ်သည်။ အများစုက ဘယ်တော့မှ လက်ထပ်မယ့်ပုံမပေါ်။
အခြားအာရှနိုင်ငံတွေမှာလည်း လက်မထပ်သူတွေ အလွန်များပြားလာနေသည်။ ဘန်ကောက်မှာ အသက် ၄၀ နှင့် ၄၄ နှစ်အထက် အမျိုးသမီး ၂၀ ရာခိုင်နှုန်းက အိမ်ထောင်မရှိ။ တိုကျိုမှာ အဲဒီ အသက်အရွယ်ရှိ အမျိုးသမီး ၂၁ ရာခိုင်နှုန်းက အိမ်ထောင်မရှိ။ စင်္ကာပူမှာ တက္ကသိုလ် ဘွဲ့ရပြီးသူ အမျိုးသမီး ၂၇ ရာခိုင်နှုန်းမှာ အိမ်ထောင်မရှိ။
တကိုယ်ထဲ နေရတာ ပျော်စရာ
အမျိုးသမီးတွေ အိမ်ထောင်မပြုကြတဲ့ အကြောင်းက အသည်းကွဲလို့ မဟုတ်။ လုပ်ငန်းခွင်ထဲ နေ့စဉ် သွားနေရခြင်းကြောင့် ဖြစ်သည်။ အာရှမှာက အလုပ်လုပ်ရင်း အိမ်ထောင်ပြုတာကို တပြိုင်ထဲ နှစ်ခု လုပ်ဖို့ ပိုခက်ခဲလာသည်။
အာရှမှာ အမျိုးသမီးတွေ အိမ်ထောင်ပြုတယ်ဆိုတာက လင်ယောက်ျားနဲ့ ကလေးတွေကို ပြုစုယုယမှု ပေးဖို့၊ မိအိုဖအိုတွေကို ဂရုစိုက်ဖို့၊ ထမင်းချက် ဟင်းချက်နှင့် အနှီးလျှော်ဖို့ ဖြစ်သည်။ လုပ်ငန်းခွင်ထဲ ၀င်လိုက်ပြီဆိုတာနဲ့ ဒါတွေ ပျက်ကွက်ဖို့ ရှိလာသည်။ ခင်ပွန်းသည်ကလည်း အိမ်မှုကိစ္စတွေ ဇနီးသည် ဆက်လုပ်ဖို့ မျှော်လင့်ထားသည်။ အာရှအမျိုးသမီးတွေအတွက် အိမ်ထောင်မှုနဲ့ လုပ်ငန်းခွင် နှစ်ခုလုံး လုပ်ဖို့က မနိုင်ဝန် ဖြစ်လာသည်။
ဂျပန်အမျိုးသမီးတွေဆိုရင် ရုံးမှာ တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်လုပ်ရပြီး၊ အိမ်မှုကိစ္စကို အနည်းဆုံး နာရီ ၃၀ လုပ်ရသည်။ ဂျပန် ယောက်ျားတွေက အိမ်ကိစ္စ တစ်ပတ် ၃ နာရီလောက်ပဲ လုပ်ကြသည်။
ကလေးတွေကို စောင့်ရှောက်ဖို့ အလုပ်ထွက်လိုက်တဲ့ အာရှမိခင်က ကလေးတွေကြီးလာတာနဲ့အမျှ လုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့ ခက်သွားသည်။ ဒါကြောင့် အိမ်ထောင်သားမွေးမှုအပေါ် အာရှအမျိုးသမီးတွေ အဆိုးမြင်လာသည်။ ယခုနှစ် ဆာဗေးတစ်ခုအရ၊ ဂျပန်အမျိုးသမီးတွေက ဂျပန်အမျိုးသားတွေ၊ အမေရိကန် အမျိုးသားနဲ့ အမျိုးသမီးတွေထက်ကို ပိုပြီး အိမ်ထောင်ပြုမှုကို ကြောက်နေကြသည်ဟု ဖော်ပြသည်။
ယခုနောက်ပိုင်း အမျိုးသမီးတွေက လုပ်ငန်းခွင်မှာဟန်လာတာနဲ့အမျှ ငွေရေးကြေးရေး လွတ်လပ်မှု ရှိလာသည်။ လင့်လုပ်စာကို မှီခိုစရာမလိုတော့။ ဘဏ့်အကောင့်ထဲ ကိုယ်ပိုင်ငွေ ရှိလာတာနဲ့အမျှ တကိုယ်ထဲနေ အပျိုကြီးမမတွေ လုပ်လာကြသည်။ အစဉ်အလာ အိမ်ထောင်သားမွေးမှုကို သူတို့အတွက် မသတီစရာ ငြီးငွေ့ဖွယ်ရာလို့ မြင်လာသည်။
အဆင့်မြင့် ပညာရေးစနစ်ကလည်း အိမ်ထောင်ပြုမှုနှုန်းကို ကျဆင်းစေသည်။ ပညာပိုတတ်တဲ့ အာရှအမျိုးသမီးတွေက လက်ထပ်ဖို့ အမြဲနှောင့်နှေးတတ်သည်။ အာရှမှာ ပညာတတ်အမျိုးသမီး အများအပြား ရှိလာပြီး တကိုယ်တည်း ရွက်လွှင့်နေကြသည်။
လက်မထပ်၊ ကလေးမယူ
အာရှမှာ လက်မထပ်ဘဲ ထွက်ပြေးနေကြခြင်းက ကလေးမွေးဖွားနှုန်းကို လန့်စရာကောင်းအောင် ကျဆင်းစေသည်။ အရှေ့အာရှမှာ ကလေးမွေးနှုန်းက ၁၉၆၀ ပြည့်နှစ်တွေမှာ အမျိုးသမီးတစ်ဦးကို ၅.၃ ဦးနှုန်း မွေးရာက၊ ယခု ၁.၆ ဦးနှုန်းသာ မွေးဖွားသည်။ အိမ်ထောင်ပြုမှုနှုန်း အရမ်းနည်းတဲ့ တိုင်းပြည်တွေမှာဆိုရင် မိခင်တစ်ဦး ကလေးမွေးနှုန်းက ၁.၀ သာ ရှိသည်။
အိမ်ထောင်မပြု ရာဇ၀တ်မှု
အိမ်ထောင်ပြုခြင်းက ယောကျာ်းသားများအတွက် အရေးကြီးသည်။ အိမ်ထောင့်တာဝန်ယူမှုက အမျိုးသားများကို ရာဇ၀တ်မှုများနဲ့ ကင်းဝေးစေနိုင်သည်။ အိမ်ထောင်ပြုမှုနှုန်း လျော့ကျခြင်းက လူ့အဖွဲ့အစည်းမှာ ရာဇ၀တ်မှုနှုန်း မြင့်တက်စေသည်။ တိုင်းပြည်မှာ ရာဇ၀တ်မှုနှုန်းမြင့်လာရင် လက်မထပ်ဘဲနေတဲ့ အပျိုကြီးမမတွေမှာလည်း တစ်ဖက်တစ်လမ်း တာဝန်ရှိသည်။ အမျိုးသမီးတွေ အိမ်ထောင်သားမွေးမပြုခြင်းက အမျိုးသားတွေကို နွားသိုးကြိုးပြတ်နဲ့ ရာဇ၀တ်မှုထူပြောအောင် သွယ်ဝိုက် အားပေးရာရောက်သည်။
တစ်နည်းအားဖြင့် အာရှအစိုးရများက လူငယ်လူရွယ်တွေ များများလက်ထပ်အောင်၊ အပျိုကြီး လူပျိုကြီးများ လျော့နည်းအောင် တာဝန်ယူ စီမံဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း the Economist မဂ္ဂဇင်းက တင်ပြထားသည်။
ဝင့်ထန်း
0 comments:
Post a Comment