အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 23 October 2011

ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည်


 


ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည်
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလ ငါးပါးရှိပါတယ်။ဥပုသ်နေ့များမှာ ဆိုရင်တော့ သုံးပါး ထပ်ထည့်ပြီး ရှစ်ပါးသီလ ထိုမှ နောက်ထပ်တစ်ပါးတိုးပြီး ကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။မည်သို့ပင်ဖြစ်စေ မိမိစောင့်ထိန်းနေသော သီလအကြောင်းကို ကောင်းကောင်းသိထားဖို့ အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။အကျဉ်းမျှကိုတော့ အားလုံး သိထားပြီးပြီလို့ထင်ပါတယ်။သီလစောင့်ထိန်းခြင်းကြောင့် ရနိုင်မယ့် အကျိုးတရား၊သီလ ချွတ်ယွင်းခြင်းကြောင့် ခံစားရမယ့် အပြစ်တရားများကိုတော့ အားလုံးသိထားသင့်ပါတယ်။သိပြီးသားသူများကို မဆိုလို၊မသိသေးသောသူများကိုရည်ညွှန်းပါတယ်။
ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။သီလသည် ကုသိုလ်တရားအားလုံးရဲ့ တည်ရာ မှီရာဖြစ်ပါတယ်။သီလတရားသည် လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ဒါနပြုတဲ့အခါမှာ သီလစင်ကြယ်ရပါတယ်။ဒါမှသာ အကျိုးပေးကောင်းတာပါ။သမထ၊ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊သီလစင်ကြယ်ရပါတယ်။သီလ၊သမာဓိ၊ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။သီလစင်ကြယ်မှ သမာဓိဖြစ်ပါတယ်။သီလမစင်ကြယ်ရင် သမာဓိ မဖြစ်နိုင်ပါဘူး၊သမာဓိမဖြစ်ရင် ဝိပဿာနာကြိုက်သလောက်အားထုတ် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေမရနိုင်ပါဘူး၊မဂ်ဥာဏ် ဖိုဥာဏ်မှမရရင် ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက် မပြုနိုင်ပါဘူး၊နိဗ္ဗာန်မျက်မှောက်မပြုနိုင်သရွေ့ ပဋိသန္ဓေနေရခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း၊ငိုကြွေးခြင်း၊စိုးရိမ်ပူပန်ရခြင်းစတဲ့ ဒုက္ခတွေ နဲ့ လုံးလည်လိုက်နေဦးမှာပါ။
ဒါကြောင့် သီလသည် လောကီရေးရာစိတ်ချမ်းသာ၊ကိုယ်ကျန်းရေး၊စီးပွားဥစ္စာတိုးတက်ရေး၊ရောဂါကင်းရေးတင်သာမက
နိဗ္ဗာန်သွားရာလမ်းကြောင်းမှာပါအရေးကြီးနေပါတယ်။ဒါကြောင့်သီလစင်ကြယ်ရမှာပါ။သီလစင်ကြယ်မှ သမာဓိတည်မှသာလျှင် ဝိပဿနာ ဥာဏ် ၊မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာပါ။နိဗ္ဗာန်ကိုမျက်မှောက်ပြုမှသာလျှင် ပဋိသန္ဓေနေရခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း ငိုကြွေးခြင်း၊စိုးရိမ်ပူဆွေးရခြင်း၊ပူပန်ရခြင်းစတဲ့ဒုက္ခတွေငြိမ်းမှာဖြစ်ပါတယ်။ဒါဖြင့်ရင် သီလသည် လောကီရေးရာတင်မကပဲ၊လောကုတ္တရာရေးရာအထိ အရေးပါ တန်ဘိုးကြီးတယ်လို့ဆိုရမှာပါ။မြတ်စွာဘုရားရှင်သည်လည်း သီလသည် အရေးကြီးသော အရာဖြစ်သည့်အတွက် သီလပါရမီ ကိုပင်ဖြည့်ကျင့်ခဲ့သလို၊ဘုရားဖြစ်ပြီးသည့်အခါမှာလည်း သီလနှင့်ပတ်သတ်သော တရားများစွာကိုဟောတော်မူခဲ့တာပါ။ရဟန်းယောင်္ကျားများအတွက်၊ဘိက္ခူနီလို့ခေါ်တဲ့ ရဟန်းမိန်းမများအတွက်၊လူဝတ်ကြောင်များအတွက် သီလများကိုလည်း သတ်မှတ်တော်မူခဲ့တာပါ။လူကြောင်များအတွက်တော့ ငါးပါးသီလ၊ရှစ်ပါးသီလ ပေါ့လေ စသည်ဖြင့် ထားတော်မူခဲ့ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာများအနေနဲ့ သီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် စောင့်ထိန်းသင့်ပါတယ်။တရားစခန်းများမှာဆိုလည်း ယောဂီများအနေနဲ့ သီလကိုပယ်လို့မရတာဖြစ်တဲ့အတွက် သီလပေးချိန်ကို အချိန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး အားထုတ်စေပါတယ်။ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလို ဒါနပြုတဲ့အခါပဲဖြစ်ဖြစ်၊တရားအားထုတ်တဲ့အခါပဲဖြစ်ဖြစ် သီလကိုပယ်လို့ဘယ်လိုနည်းနဲ့မှ မရလို့ပါ။ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်ပါတယ်။ကိုယ်ကျင့်တရားကောင်းပါတယ်။
ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်မကင်းလျှင် သီလမစင်ကြယ်ပါ။သီလပျက်စီးတယ်လို့ပြောရမှာပါ။ကိုယ်ကျင့်တရားပျက်တယ်ဆိုလည်းမှန်ပါတယ်။အပြစ်ဆိုတာ ထိခိုက်နစ်နာမှုကို အပြစ်လို့ခေါ်ပါတယ်။ မိမိကိုယ်ဖြစ်စေ၊သူတစ်ပါးကိုဖြစ်စေ၊တစ်ဦးဦးကို ထိခိုက်နစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ်ရှိသော၊အပြစ်မကင်းသော အပြုအမူ အပြောအဆို ဖြစ်ပါတယ်။မိမိ၊သူတစ်ပါး နှစ်ဦးအနက် မည်သူကိုမှ မထိခိုက် မနစ်နာသော အပြုအမူ အပြောအဆို သည် အပြစ်မရှိသော အပြစ်ကင်းသော အပြုအမူ အပြောအဆိုဖြစ်သည်။အပြစ်ကင်းသော အမှုသည် ကုသိုလ်ဖြစ်ပါတယ်။အပြစ်မကင်းသော အမှုသည် အကုသိုလ်ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလ ပျက်စီးပြီး သီလမစင်ကြယ် လျှင် အရုပ်ဆိုး၊အကျည်းတန်ခြင်း၊ရဟန်း ရှင် လူ တို့ ကြည်ညို ချစ်ခင်မှုကို မခံယူရခြင်း၊လာဘ်လာဘရှားပါးခြင်း၊ ကြည်ညိုသူလှူဒါန်း ပူဇော်သူများမှာ အကျိုးနည်းခြင်း စတဲ့မကောင်းကျိုးများကို ရရှိစေပါတယ်။ထို့ပြင်
စည်းစိမ် ဥစ္စာပျက်စီး ဆုံးရှုံခြင်း၊
သတင်းဆိုးထွက်ခြင်း၊မကောင်းသတင်းကျော်စောခြင်း၊လူသူပရိတ်သတ် အလယ်သို့ မျက်နှာ ညှိုးငယ်စွာဝင်ရခြင်း၊ သတိလက်လွတ်လျက် အော်ဟစ် ညည်းညူကာသေရခြင်း၊အပါယ်စသော ဘဝဆိုးတို့၌ လာရောက်ရခြင်း စတဲ့ဆိုကျိုးတွေကိုခံစားရပါတယ်။
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သီလစင်ကြယ်လျှင်တော့ အထက်က စကားရပ်တွေနဲ့ဆန့်ကျင်ဘက်ပါပဲ။ရုပ်ဆင်းအင်္ဂါချောမောလှပခြင်း၊ရဟန်း၊ရှင်၊လူတို့၏ ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊လာဘ်လာဘ ပေါများခြင်း၊ကြည်ညိုလှူဒါန်းပူဇော်သူများ အကျိုးကျေးဇူး ကြီးမားခြင်း စသော အကျိုးတရားများကို ရရှိစေပါတယ်။ထို့ပြင် စည်းစိမ်ဥစ္စာပေါများခြင်း၊ကောင်းသတင်းကျော်ကြားခြင်း၊ပရိတ်သတ်အလယ်သို့ မရှက်မရွံ့ ရဲရဲဝံ့ဝံ့ ဝင်နိုင်ခြင်း၊သတိရှိလျက် မတွေမဝေ သေရခြင်း ၊သေပြီးတဲ့အခါ ကောင်းရာ သုဂတိသို့ရောက်စေခြင်း စသော အကျိုးတရား များကို ရရှိစေပါတယ်။ထိုထက်ပိုသော အကျိုးတရားများစွာရှိနေပါသေးတယ်။မိမိအနေနဲ့ သီလ စင်ကြယ်တယ်ဆိုရင် မိမိသီလ စင်ကြယ်ခြင်းကို စဉ်းစားမိတိုင်း ဆင်ခြင်မိတိုင်း ကုသိုလ်တရားများတိုးပွားခြင်း၊စိတ်ကြည်လင် ရွှင်လန်း နှလုံးသာယာခြင်းလို့ခေါ်တဲ့(အဝိပ္ပဋိသာရ)၊စိတ်ကြည်လင် ရွှင်လန်းလျှင်ဝမ်းမြောက်ခြင်းလို့ခေါ်တဲ့ (ပါမောဇ္ဇ)၊ဝမ်းမြောက်ခြင်းကြောင့် နှစ်သက်အားရကျေနပ်ခြင်းလို့ခေါ်တဲ့(ပီတိ)၊ နှစ်သက်အားရခြင်းကြောင့် ကိုယ်ရောစိတ်ပါ ငြိမ်းအေးခြင်းလို့ခေါ်တဲ့(ပဿဒ္ဓိ)၊ကိုယ်ရောစိတ်ပါ ငြိမ်းအေးလျှင် ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းလို့ခေါ်တဲ့(သုခ)၊ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းကြောင့် တရားရှုမှတ်ပွားများလျှင် စိတ်တည်ငြိမ်မှုဆိုတဲ့(သမာဓိ)၊ကိုရလွယ်ပါတယ်၊သမာဓိတည်ကြည်လျှင် ရုပ်တရား၊နာမ်တရားတို့အပေါ်မှာ အမှန်တိုင်းမြင်ခြင်းဆိုတဲ့(ယထာဘူတဥာဏ်)ထိုမှ ဝိပဿနာ မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ထိကိုလျှင်မြန်စွာရရှိစေပါတယ်။မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရပါမှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာပါ။နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီဆိုလျှင် ဒုက္ခအားလုံးချုပ်ငြိမ်း ရုတ်သိမ်းသွားသည်ထိ အကျိုးများစေပါတယ်။
ဒါကြောင့် ထိုမျှ အကျိုးကျေးဇူးများတဲ့သီလတရားကိုလူတိုင်းကြိုးစားဆောက်တည်သင့်ပါတယ်။မိမိဘာသာလည်းဆောက်တည်လို့ရသလို၊ဘုရားရှေ့မှာဖြစ်စေ၊ရဟန်းတော်တစ်ပါးပါးထံမှာဖြစ်စေဆောက်တည်လို့ရပါတယ်။ရဟန်းတော်တစ်ပါးပါးထံမှာဆောက်တည်မည်ဆိုပါက ရိုသေမှု၊လေးနက်မှု၊အားကောင်းပါတယ်။စောင့်စည်းစိတ် ထက်သန် အားကြီးပါတယ်။ဒါကြောင့် မိမိရဲ့ကိုယ်ကျင့်တရားဟာ မိမိအားထုတ်မှုပေါ်မှာတည်နေသောကြောင့် ကိုယ်ကျင့်သီလကို အသက်ထက်တန်ဘိုးထားပြီးဆောက်တည်နိုင်ပါစေ။ဆောက်တည်ခြင်းကြောင့်လည်း လောကီ၊လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကိုရရှိနိုင်တဲ့ အမျိုးကောင်း သား ၊အမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆုတောင်းမှုပြုရင် ကိုယ်ကျင့်သီလအကြောင်းကို အားလုံးအတွက် မျှဝေလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ) 
myanmar dilymail  မှ
 

0 comments:

Post a Comment