အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 28 November 2011

အောင်မြင်မှုအတွက် စုစည်းခြင်း


ခရီးဆောင် လက်ဆွဲသေတ္တာတစ်လုံးကို ပြင်ဆင် ထုပ်ပိုးဖူးပါသလား။ အ၀တ်တွေကို ဖြစ်သလို ပစ်မထည့်ဘဲ သေသေသပ်သပ်ခေါက်ပြီး ထည့်တဲ့အခါ အများကြီး ပိုဆန့်ပြီး အများကြီးပို့ထည့်နိုင်တာကို သတိထားမိဖူးပါသလား။
မင်းဘ၀အတွက်လည်း အတူတူပဲပေါ့။ မင်းကိုယ်မင်း စုစုစည်းစည်းနဲ့ ကောင်းသထက်ကောင်းအောင်လုပ်နိုင်လေ အချိန်တွေပိုပြီးတော့ မင်းစိတ်ကြိုက် ထားသိုနိုင်လေပဲပေါ့။ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အချိန်ပိုရလာမယ်။ ကျောင်းအတွက် အချိန်ပိုရလာမယ်။ မင်းကိုယ်ပိုင်အတွက် အချိန်ပိုရလာမယ်။ မင်းရဲ့ ပထမဦးစားပေးအရာအတွက် အချိန်ပိုရလာမယ်လေ။
ကဲ… အောင်မြင်မှုအတွက် ဘယ်လိုစုစည်းမလဲဆိုတာ ကြည့်ကြရအောင်။
အပတ်စဉ် ကြိုတင် အကွက်ချစီစဉ်ပါ
မင်းရဲ့ တစ်ပတ်တာကာလကို အစီအစဉ်လုပ်ဖို့ အပတ်တိုင်း ၁၅ မိနစ် အချိန်ယူပါ။ ဒီလိုလုပ်လို့ ဘာတွေထူးခြားလာတယ်ဆိုတာကိုလည်း စောင့်ကြည့်လိုက်ပါ။ ဘာကြောင့်အပတ်စဉ်လုပ်ရတာလဲ။ ဟုတ်လား။ ကိုယ်တို့က ရက်သတ္တပတ်နဲ့ ပိုင်းပြီး စဉ်းစားရတာ အကောင်းဆုံးဖြစ်လို့ပေါ့။ နေ့စဉ်အစီအစဉ်ဆိုတာက အာရုံစိုက်ရတာ ကျဉ်းမြောင်းလွန်းသလိုပဲ။ လစဉ်အစီအစဉ်ဆိုတာကျတော့လည်း အာရုံစိုက်ရတာ ကျယ်ပြန့်လွန်းတယ်လေ။
မင်းမှာ တစ်ခုခုအတွက် စီမံချက်ရေးဆွဲစရာရှိလို့ကတော့ ဒီအဆင့်သုံးဆင့်အတိုင်းသာ လိုက်နာပါ။ တစ်ပတ်အတွင်း လုပ်ဆောင်စီမံစရာတွေအတွက် အစီအစဉ်ရေးဆွဲတဲ့အခါမှာပေါ့။
အဆင့် ၁
မင်းရဲ့ ကျောက်ခဲအကြီးစားတွေကို ဖော်ထုတ်ပါ
ရက်သတ္တပတ်တစ်ပတ်ရဲ့ အစ ဒါမှမဟုတ် အဆုံးတိုင်းမှာ သေချာထိုင်ပြီးတော့ လာမယ့်အပတ်မှာ ဘာတွေ အောင်မြင်ပြီးမြောက်ချင်တာလဲဆိုတာကို စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီတစ်ပတ်လုပ်စရာတွေထဲမှာ အရေးကြီးဆုံးအရာတွေက ဘာတွေလဲလို့ မေး။ အဲဒီအရာတွေကို ကိုယ်က တင်စားချင်တယ်။ သူတို့က အသေစားရည်မှန်းချက်မျိုးပဲလေ။ အဲဒီတစ်ပတ်တာရဲ့ အရေးကြီးဆုံးအရာတွေက မင်းရဲ့ ရေရှည်ရည်မှန်းချက်တွေနဲ့ ဆက်နွှယ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလို ဆပ်စပ်မှုရှိတဲ့ ကျောက်ခဲတွေကိုပဲ စိတ်ကူးရမှာပေါ့။
တစ်ပတ်တာအတွက် ကိုယ့်ရဲ့ ကျောက်ခဲအကြီးစားတွေကို နမူနာပြလိုက်ပါတယ်။
-       သိပ္ပံစမ်းသပ်မှုတစ်ခုအတွက်
-       စာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်
-       ဘောလုံးပွဲကြည့်
-       အလုပ်လျှောက်လွှာတင်
-       အစ္စဘယ်လာနဲ့ ပါတီတက်
-       လေ့ကျင့်ခန်း သုံးကြိမ်လုပ်
မင်းဘ၀ရဲ့ အဓိက အနေအထားကို အခြေခံ စဉ်းစားပြီးတော့လည်း မင်းရဲ့ ကျောက်ခဲအကြီးစားတွေကို ဖော်ထုတ်လို့ရပါတယ်။ နောက်နည်းတစ်ခုပေါ့။ မင်းက ကျောင်းသားတစ်ယောက်အနေနဲ့ ဒါမှမဟုတ် သူငယ်ချင်း အနေနဲ့၊ မိသားစုဝင်အနေနဲ့၊ အလုပ်သမားအနေနဲ့၊ တစ်ကိုယ်တည်းအနေနဲ့ စဉ်းစားတာမျိုးပါ။ မင်းအနေအထားအရ မင်းလုပ်ရမယ့် အရေးကြီးဆုံးအရာ တစ်ခု နှစ်ခုကိုတော့ တစ်ပတ်အတွင်းမှာ မင်းဘာလုပ်လုပ် ထည့်လုပ်ဖို့ပါပဲ။
မင်းအနေအထားအရ မင်းဘ၀ကို စီမံလုပ်ကိုင်တာဟာ တည်တည်ငြိမ်ငြိမ် နေထိုင်တတ်အောင် ကူညီရာ ရောက်ပါလိမ့်မယ်။
အဆင့် ၂
မင်းရဲ့ ကျောက်ခဲအကြီးစားတွေအတွက် အချိန်ကို ကြိုတင်အကွက်ချပါ
ကျောက်ခဲအကြီးစားသုတေသနဆိုတာကို မြင်ဖူးပါသလား။ ပုံးတစ်လုံးယူ၊ ကျောက်စရစ်ခဲအသေးလေးတွေနဲ့ ပုံးတစ်ဝက်ဖြည့်၊ ကျောက်စရစ်ခဲလေးတွေအပေါ်ကမှ ကျောက်ခဲအကြီးစားတွေနဲ့ ပုံးကို ပြည့်သိပ်သွားအောင် ထည့်ဖို့ကြိုးစားကြည့်။ ဒါပေမယ့် ကျောက်ခဲတွေက ကြီးတော့ ဘယ်လောက်ပဲထည့်ထည့် အကြိုအကြားနေရာလေးတွေဖြစ်ပြီး အားလုံးအပြည့်အသိပ် ထည့်လို့ မရတာကို တွေ့ရပါလိမ့်မယ်။
ဒီတော့ အစကနေ ပြန်စရအောင်၊ ဒီတစ်ခါတော့ ကျောက်ခဲအကြီးစားတွေကို အရင်ထည့်မယ်။ ပြီးမှ ကျောက်စရစ်ခဲ အသေးလေးတွေကို ပုံးထဲ ပြည့်အောင် ဖြည့်မယ်။ ဒီတစ်ခါ ပုံးထဲမှာ နေရာလွတ်နေ၊ ဟာနေတာတွေမရှိဘဲ ပုံးအပြည့်အသိပ် ဖြစ်နေပါလိမ့်မယ်။
ကျောက်ခဲအကြီးစားတွေဆိုတာက မင်းရဲ့ အရေးကြီးဆုံးအရာတွေကို ကိုယ်စားပြုပါတယ်။ ကျောက်စရစ်ခဲလေးတွေကတော့ မင်းရဲ့ အချိန်တွေကို ခိုးယူနေတဲ့ နေ့စဉ် ဗာဟီရကိစ္စလေးတွေကို ဆိုလိုပါတယ်။ အိမ်ဝေယျာဝစ္စတွေ၊ ဖုန်းပြောရတာတွေနဲ့ အနှောင့်အယှက်ဖြစ်စရာ ကိစ္စမျိုးတွေပေါ့။
ဒါကြောင့် မင်းရဲ့ အပတ်စဉ်အစီအစဉ်အတိုင်း လုပ်သင့်တဲ့ ကာလအတွင်းမှာ မင်းရဲ့ အရေးကြီးဆုံး အရာတွေဖြစ်တဲ့ ကျောက်ခဲအကြီးစားတွေအတွက်ပဲ အချိန်ကို ဦးစားပေးသုံးနိုင်အောင် ကြိုးစားပါ။ အဲဒီလိုဖြစ်ဖို့လည်း အချိန်ကို ကြိုတင်အကွက်ချပါ။
အဆင့် ၃
အရာရာအတွက်လည်း အစီအစဉ် ရေးဆွဲထားပါ
မင်းရဲ့ ကျောက်ခဲအကြီးစားတွေကို နေရာချပြီးတာနဲ့ တစ်ပြိုင်နက် မင်းရဲ့ အခြားအသေးအဖွဲ လုပ်စရာလေးတွေ နေ့စဉ်အလုပ်တွေနဲ့ အချိန်းအချက်ကိစ္စတွေကိုလည်း ကြိုတင်ပြီး အစီအစဉ်ရေးဆွဲပါ။ ဒါဟာ ကျောက်စရစ်ခဲလေးတွေ ဖြည့်တာပဲပေါ့။ နောက်ပြီး မင်းရဲ့ အရေးပါတဲ့ နေရက်တွေ၊ အဖြစ်အပျက်တွေကိုလည်း မင်းအနေနဲ့ မျှော်မှန်းချင်မှာပါပဲ။ အားလပ်ရက်လိုမျိုး၊ ဂီတပွဲသွားတဲ့နေ့မျိုး၊ မွေးနေ့လိုမျိုးတွေပေါ့။
စည်းကမ်းဆိုသောအရာ
နောက်ဆုံး လေ့လာတွေ့ရှိချက်အရ ဘာပဲလုပ်လုပ် ပထမဆုံး လုပ်ရမယ့် ပထမဆုံးအရာကတော့ စည်းကမ်းရှိဖို့ပါပဲ။ မင်းအချိန်ကို စီမံခန့်ခွဲရာမှာလည်း စည်းကမ်းရှိရမှာပါပဲ။ မင်းရဲ့ ဘေးအန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လည်း စည်းကမ်းရှိရမှာပါပဲ။ အခက်အခဲ အကျပ်အတည်းတွေ့ချိန်မှာ အားကောင်းမောင်းသန်ရှိနေဖို့နဲ့ အလားတူဖိအားတွေကို တွန်းလှန်တောင့်ခံနိုင်ဖို့အတွက်လည်း စည်းကမ်းရှိဖို့လိုတာပါပဲ။
အောင်မြင်တဲ့လူတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ အဲလ်ဘတ် အီး ဂရေး က ခုလို ရေးခဲ့ဖူးပါတယ်။
အောင်မြင်သော လူအားလုံးတွင် မအောင်မြင်သောလူများ မလုပ်ချင်သော အရာများကို လုပ်သည့် အမူအကျင့် ရှိကြသည်ချည်းသာပင်။
စင်စင်မူ သူတို့သည်လည်း ဤအရာများကို မလုပ်ချင်ကြသည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သို့ရာတွင် သူတို့၏ မနှစ်သက်ခြင်းသည် သူတို့၏ရည်ရွယ်ချက်နှင့် နှိုင်းစာလျှင် အရေးမပါကြတော့ပေ။
ထို့ကြောင့် သူတို့ရည်မှန်းချက်များ ဖြစ်မြောက်ရန်အတွက် သူတို့မလုပ်ချင်သည်များကိုလည်း လုပ်လေ့ရှိကြသည်မှာ အောင်မြင်သူတို့၏ အမူအကျင့်သာပင် ဖြစ်သည်။
( The 7 Habits of Highly Effective TEENS: by Sean Covey ကို ဘုန်းခေါင် မြန်မာပြန်သော အောင်မြင်ပေါက်မြောက် ထိပ်တန်းရောက်နေကြသော ဆယ်ကျော်သက်ရွယ် လူငယ်များ၏ အမူအကျင့် ၇ ရပ် စာအုပ်မှ ထုတ်နှုတ်သည် http://yourlifesuccess.blog.com/2011/08/22/organize-for-your-success/

0 comments:

Post a Comment