အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 23 April 2011

အစစ်နဲ့အတု

"သဘာဝကိုဆက်ခံသူများ"


ပြားပြားဝပ်သွားခဲ့တဲ့ ကမ္ဘာမြေ
အဲဒီ့ထက် ဦးညွှတ်လိုက်ပါလေ။

ကိုင်းညွှတ်နေတဲ့ ပိတောက်တွေ
ဟောဒီမြေပြင်တစ်လျှောက် အောက်ကျို့ခဲ့ပါလေ။

အုံ့မှိုင်းနေတဲ့ ဖက်ဆွတ်မိုးရေ
နှလုံးသားတွေဆီ တိုးလျှိုးလှည့်ပါလေ။

ငြင်သာပျော့ပျောင်းတဲ့ သင်္ကြန်သံတွေ
ခြေဖ၀ါးဆီမှာ ၀ပ်ဆင်းခံပါလေ။

ဟိုးရှေ့မှာ.............
သဘာဝကို ဆက်ခံသူများ
နို့ဆီခွက်၊ ရေပြွတ်တွေနဲ့ ရေကစားနေရဲ့
သူတို့အပြုံးများနဲ့ မြန်မာပြည်နှစ်သစ်
အညစ်အကြေးတကယ်ကင်းလို့ ချစ်စရာဖြစ်တော့မယ်
အိပ်မက်သစ်သင်္ကြန်တွေမွေးဖွားဖို့
သူတို့နှလုံးသားကို တလေးတစား
ကဲ - အပြေးအလွှားသာ ယုယလိုက်ပါတော့လေ။ ။

သားလတ်

Thursday, March 3, 2011


"ချက်(Chat)"


'အင်တာနက်' တဲ့
အပြင်မှာ ဆက်သွယ်ကြည့်မရတဲ့အရာ
အဲဒီအထဲမှာ အကုန်ပါလို့
ငါတို့ ကမ္ဘာကြီးကို ကျုံ့ပစ်တယ်။

'အင်တာနက်'ထဲက အမြင်အသိ
ဝင်ကြည့်မှ ရင်ခုန်စရာ
အပြင်လို ပုံစံကိုတော့မမြင်ရ
စကားလုံးတွေနဲ့ အကျအနပြော
မမောစရာ လူတိုင်းအတွက်ထူးဆန်း
'ချက်ရူမ်း(Chat room)' ဆိုတဲ့ အခန်းတစ်ခန်းရှိတယ်။

သိသူ မသိသူ
နာမည်ပြောင် အတူတူတွေနဲ့
စနောက်နေကြ ခဏခဏ
တချို့က အမှန်အကန်ခံစား
သံယောဇဉ်ဖြစ်သွားရင် ရာဇ၀င်သစ်
စာတင်ရစ်မယ့် အင်တာနက်ချစ်သူ
အပြင်ဘက်မှာ ဘယ်သူမှ ကူစရာမလိုတဲ့အခန်း
လွမ်းချင်တိုင်းလွမ်း ဆန်းချင်တိုင်းဆန်း
(ဒါပေမဲ့---)
နမ်းချင်တိုင်း နမ်းလို့တော့မရပါ။

သူငယ်ချင်းအသစ်တွေရှာ
နည်းပညာအသစ်တွေရှာ
အဲဒီ 'ချက်'မှာ စူးစမ်း
ထူးဆန်းတဲ့ဆက်သွယ်မှုအကျိုး
ပြက်ရယ်ပြုရင်း ချိုးဖျက်မလား
နှီးနှောဖလှယ်ရင်း တိုးတက်မလား
အကျိုးဆက်များမယ့် နယ်ထဲဝင်
အသုံးချပုံတော့ ပြင်သင့်တယ်။

ချက်တာ( Chatters ) တွေဟာ
ရက်ပ်ပါ (Rapper) တွေလို ခပ်များများ
ရာစုသစ်ကို စားနေလိုက်တာ
အနာဂတ်အသစ်အတွက်
တစ်ခါရပ်မပစ်နဲ့
စစ်မှန်တဲ့ အသိပညာလမ်းထက်မှာ
အဲဒီချက်ထဲက ခရီးဆက်လာပေါ့
ညည်းတွက်လို့ စိတ်ပျက်ရင် အခန်းထဲဝင်ထိုင်
(ချက်တာဆိုတာ)
အိပ်မက်အဆန်းကို အစဉ်အမြဲ ပိုင်ဆိုင်သူတွေသာဖြစ်တယ်။ ။

သားလတ်
၁.၄.၂၀၀၅
၂၂:၀၇နာရီ
['View Point' တည်းခိုခန်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်တွင် ရေးသည်။]

Monday, February 14, 2011


"သင့်ရဲ့ဗလင့်တိုင်း"


ခံစားမှုစကားလုံးတိုင်း
ချစ်ခြင်းနဲ့ နှိုင်းယှဉ်ပါကွယ်။

တွေ့ထိမှုအာရုံတိုင်း
နှလုံးသားနဲ့ ခံစားပါကွယ်။

ဟိုးအဝေးက မြူပါးပါးလို
သိပ်သည်းရှတ အေးစက်မှုများကို ဆောင်ကျဉ်း
လောကရဲ့ဘောင်အတွင်းက သမုဒယ
တယုတယနဲ့ မျှဝေပါကွယ်။

ကိုယ့်အိပ်မက်လေးရယ်
ကိုယ့်စက္ကူလေးရယ်
ကိုယ့်ပို့စကတ်လေးရယ်
ကိုယ့်ကဗျာလေးရယ်
ကိုယ့်စာအိတ်လေးရယ်
ကိုယ့်ရင်ခုန်ခြင်းများရယ်
နှလုံးသားနဲ့ သယ်ဆောင်ဖွေလှစ်ပြီး
ကမ္ဘာရဲ့ ပုန်းခိုရာ နေရာသစ်
သင့်ရဲ့ဗလင့်တိုင်းကို အမှတ်တရအဖြစ်ဖန်ဆင်း
ချစ်ခြင်းနဲ့နေ့များဆီ လမ်းညွှန်ပါကွယ်။ ။
သားလတ်
၁၇း၅၄နာရီ

၁၄.၀၂.၁၉၉၇

(Valentine's Day အမှတ်တရ)

Sunday, February 13, 2011


"ချစ်သောကလေးများသို့"


ငြိမ်းချမ်းသန့်စင်တဲ့ အပြုံးမျိုး
လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံမျိုး
နွမ်းလျခြင်းကင်းတဲ့ မျက်နှာမျိုး
အနာဘယဝေးတဲ့ ခန္ဓာမျိုး
မင်းတို့ဘ၀ တောက်လျှောက်တိုးလို့
မိုးပေါ်ကလူသားများ ဖြစ်နိုင်ပါစေ။

ငိုကြွေးခြင်းနေ့ ဝေးပါစေ
ပူလောင်ခြင်းနေ့ ကင်းပါစေ
ဆင်းရဲခြင်းနေ့ ရှင်းပါစေ
ညစ်နွမ်းခြင်းနေ့ လွတ်မြောက်ပါစေ
ဘ၀ နွေနေလိုမဟုတ်
ဆောင်းမိုးတို့ သရုပ်လို
အေးမြခြင်းဂုဏ်လောင်း
ဘ၀လမ်းမှာ အကုန်ကောင်းလို့
ပုံပြောင်းတဲ့အခါ အမှန်သနစ်နဲ့
တစ်ရံတစ်ဆစ်မျှ မမိုက်မဲ
စရိုက်လည်း သန့်စင်ကြပါစေ။ ။
သားလတ်
၂၃း၁၃နာရီ

၁၆.၀၂.၁၉၉၇

(ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ကျရောက်သောကလေးများနေ့သို့)

Tuesday, January 25, 2011


"ဖန်တီးမှု၊ ဖြစ်တည်ချက်၊ သိနိုင်စွမ်းနှင့် ဗင်းဆင့်ဗန်ဂိုး"


ဖန်တီးမှုတွေဟာ
ဖြစ်တည်ချက်မရှိခင်မှာ
ကဲ့ရဲ့ခံရတတ်တာ သဘာဝပဲ ဗန်ဂိုး။

သိပ်ပြီးအေးစက်လွန်းပါတယ်ဗျာ
ဒါတွေဟာဗဟိဒ္ဓကိုမထိခိုက်နိုင်ဘူးဆိုရင်
အဇ္ဈတ္တကိုရော ထူးကဲလာနိုင်ပါ့မလား။

နေကြာပင်၊ ဆိုက်ပရပ်ပင်၊ အိုင်းရစ်ပင်တွေရဲ့ကြားက
ခင်ဗျားရဲ့အနုပညာဖန်တီးမှုဝိညာဉ်
ခင်ဗျားနဲ့ဖြစ်တည်ချင်လျက်အရှုံးပေးခဲ့ရသလား။

ပြောင်းခင်းထဲမှာမျက်လုံးကြီးလန်
ဦးခေါင်းကြီးပွင့်၊ ခြေကားယား လက်ကားယားဖြစ်လို့
အိပ်မက်သစ်တွေမဝေချင်တဲ့ခင်ဗျားအတွက်
အနာဂတ်တွေက ၀မ်းနည်းလျက်ပေါ့။

အားကောင်းတဲ့မီးမောင်းတစ်ခုဟာ
ဘယ်နေရာကျကျ လင်းလင်း
ထင်းခနဲမြင်နိုင်စွမ်းရှိတယ်ဗန်ဂိုး။

ကြည့်စမ်း
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ပန်းချီကား
ခင်ဗျားရဲ့ဖန်တီးမှုကဖြစ်တည်ချက်
လူတွေရဲ့သိနိုင်စွမ်း
ကျွန်တော်ဝမ်းနည်းသွားတယ်ဗျာ။ ။

သားလတ်
၅.၈.၁၉၉၄

Monday, January 10, 2011


"အနာဂတ်ဆီ"

အချစ်ရေ....
နေရတဲ့ဘ၀မှာ
ခံစားမှုဆိုတာ များစွာရှိမှာပေါ့။

ပြက္ခဒိန်တစ်ခု ပြီးသွားချိန်
ခရီးသွားရင်း ကြုံရတဲ့အိမ်ကလေးမှာ
ဒုက္ခဆိုတာဘာလဲ
ပျော်စရာဆိုတာ ဒါပဲလို့
တစ်ခါတည်း ခွဲခြားလို့မရ
အဲဒါကပဲ ဘ၀ဖြစ်နေတာနော်။

ဘယ်တော့မှ နောက်မဆုတ်ကြေး
နှစ်ယောက်တည်းလုပ်ထားတဲ့တေးတွေ ဆိုရအောင်
ကိုယ့်ပုခုံးဘေးမှာ နှောင်ဖွဲ့မှီတွယ်
အောင်မြင်တဲ့ အနာဂတ်ဆီ ကိုယ်ချီသယ်သွားမယ်
ချစ်ခြင်းသီဖွဲ့ နှလုံးသားရယ်
ယုံကြည်အားကိုးတဲ့ စိတ်ဓါတ်ရယ်
အရိပ်လို ထက်ကြပ်မကွာထည့်ရင်း
ကိုယ်တို့ရဲ့ ခရီးပြင်းကို ဆက်ရအောင်ကွယ် ။ ။

သားလတ်
၂၀း၅၀ နာရီ
၂၆.၁၂.၂၀၁၀



ကျွန်တော့်ဇနီးကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ရေးပေးခဲ့သော ကဗျာ ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် စလုံး၏ Gtalk တွင်တင်ထားပါသည်။

Tuesday, January 4, 2011


“မဟာဒီလှိုင်း”


ဟိုးအဝေးပင်လယ်ပြင်ရဲ့ ရိုက်ခတ်ခြင်း
ဂီတမြားတစ်စင်းထိုးခွင်းနေသလို
နားစည်ရဲ့ဗဟိုထဲငြိမ်လျက်
ပင့်သက်တွေအိပ်မောကျချိန်မှာ
ခပ်မှိန်မှိန်လေးရောက်ခဲ့တယ်။

လှပတဲ့ ရှုမျှော်ခင်း
မီးပြတိုက်ထင်းထင်းကြီးနဲ့
သီးနှံတွေရဲ့ယာခင်း
ကမ်းစပ်လေးမှာ မေးဆင်းလို့ပေါ့။

အဲဒီကမ်းစပ်သောင်ပြင်ပေါ်
သမုဒ္ဒရာကို သမုဒယနဲ့ တွယ်ငင်ချင်သူတွေရဲ့နေအိမ်
ပင်လယ်ပြင်ကို မကြည့်ရဲတဲ့ မျက်နှာတွေနဲ့
ဘယ်ခါမှ မရှိလေတဲ့ ပင်လယ်ဘက်က ပြူတင်းပေါက်
မိုးကုတ်စက်ဝိုင်းအောက်က အနားသတ်မျဉ်းကို
မျက်လွှာချ ဥပေက္ခာပြုထားတယ်။

ကံကြမ္မာရဲ့ နေ့ရက်ဒီဇိုင်းသစ်
ရက်စက်စွာဖွင့်လှစ်ခဲ့တဲ့နေ့
မေ့မရခဲ့တဲ့မဟာဒီလှိုင်းတွေ
သဲသောင်ပြင်ပေါ်ကအိမ်တွေကို မျိုချ
အဲဒီကစလို့ ပြောင်သလင်းခါသွားတဲ့ သောင်ပြင်
နှစ်ပေါင်းများစွာ ဘယာကင်းစင်ခဲ့ပြီ။

တစ်ခါကမျိုးဆက်သစ်တစ်ဦး
ကာလနှစ်တွေထဲ လက်ပစ်ကူးပြီးမှ
သောင်ပြင်ကသဲကို ဆွကာတူးရင်း
မီးပြတိုက်နဲ့ ယာတော မေးခင်းတဲ့ နေရာဟောင်း
ခြေရာကြောင်းတွေ ပြန်ထပ်ခဲ့ပြီ။

ရာသီသစ်ဆီ တပ်လှန့်နှိုးဆွ
ပင်လယ်ကလာမယ့် မဟာဒီလှိုင်း
ခပ်ရိုင်းရိုင်းရင်ဆိုင်ဖို့ ပင်လယ်ဘက်က ပြူတင်းတံခါး
ဟင်းလင်းများတောင် ဖွင့်ထားသေးရဲ့။
'အသက်ရှင်ခြင်းဟာ သေခြင်းထက် စွမ်းအားကြီးတယ်' တဲ့
အဲဒီ ယုံကြည်မှုနဲ့ ရင်ဆိုင်
မဟာဒီလှိုင်းကို ပြိုင်မယ့်သူတွေ
ရဲရင့်တဲ့ အနာဂတ်နေရောင်သမ်းနေဆဲ
ကမ်းခြေမှာ အမြဲစောင့်နေလေရဲ့။ ။


သားလတ်
၃၁.၁၂.၁၉၉၅
(The big wave by Pearl S.buck ကို ဘာသာပြန်ထားသော မောင်ပေါ်ထွန်း၏ 'မဟာဒီလှိုင်း' ၀တ္ထုကို ခံစား ရေးဖွဲ့ပါသည်)

Thursday, December 23, 2010


“ပယောဂများရဲ့ည”


ခက်ထန်မာကြောတဲ့လေ
အိမ်ခြေမဲ့လို့ ငါ့ပြူတင်းတံခါးကလာနှိုး
ဝုန်း...ဒိုင်းဆိုပြီး ဆိုးရွားလှပါကလား။

let me in - let me in ဆိုတဲ့
လေထန်ကုန်းက ကက်သရင်းရဲ့ အေးစက်စက်လက်
ငါ့ကိုပွေ့ဖက်လာသယောင် ထင်နေတုန်း
လောကကိုမထေမဲ့မြင်အပြုံးမျိုးနဲ့ပြုံးသွားတဲ့
အမုန်းအားဆေးပိုင်ရှင်ဟောင်း ဟိကလစ်ဖ်က
ငါ့ကိုအခန်းထဲကမောင်းထုတ်တယ်။

ရော့ ဟတ်ဆန်၊ မာရီလင်မွန်ရိုးနဲ့ အဲဗစ်ပရက်စလေ
အခန်းထဲဝင်ပြီးခုနှစ်တွေအကလာကပြတော့
ရယ်ရမလို ငိုရမလိုဖြစ်နေတုန်း
ဗြုန်းဆို ကောလိပ်ဂျင်နေ၀င်း ပေါ်လာပြီး လက်ကာပြ
'အဲဒီတော့ကာ - ဘာမှမပူရအောင်' ဆိုပြီး
'သဘင်သည်မ၀င်ရ' ဆိုင်းဘုတ်ကို ထုတ်အပြမှာ
အားလုံးဟာ ပြေးထွက်ပျောက်ကွယ်
လေးစားပါတယ်၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ပယောဂပူးတဲ့ညထဲ
အိပ်မက်လည်း လမ်းထွက်လျှောက်နေတော့
'အဆောင်သူရဲ' သီချင်းဆိုတဲ့ ကိုဖိုးချိုရဲ့အသံ
နားစည်ထဲ စိမ့်လျှံနေဆဲ
စက်မှုတက္ကသိုလ်ထဲက စွယ်တော်ပင်အောက်
မကြောက်မရွံ့ ငါဟာစွန့်စားထွက်ခွာ
အဲဒီမှာ အချစ်ရှိနေတာပဲလေ ။ ။

၅.၈.၁၉၉၄

Monday, December 13, 2010


“နစ်ကျွံကဗျာခရီး”

နေ့ရက်လေးတွေရဲ့ကြားက
ကဗျာသမားတစ်ယောက်ရဲ့ အသက်ရှင်ခွင့်
ဒါဟာပစ္စုပ္ပန်ရဲ့ပင့်သက်တွေကို ဖြတ်သန်းမှုဖြစ်တယ်။



ရုရှားကဗျာဆရာပေါက်စ 'ယက်စနင်'
သူ့လည်ပင်းကို ငင်ခဲ့တဲ့ကြိုးတစ်စ
ဓါတ်ငွေ့ပိုက်လိုင်းမှာ နွားလို ဆောင့်ရုန်းရင်း
ကိုယ့်ကိုယ်ကိုလုပ်ကြံလို့ ဆုံးခဲ့တဲ့ ဘ၀တစ်ခု
ဒါဟာကဗျာတစ်ပုဒ်ကို ပြုစုခြင်းလား။



'ယက်စနင်'လို ကဗျာဆရာ 'ဟဲမင်းဝေး'
ပင်လယ်ကမ်းခြေမှာမြည်ခဲ့တဲ့ သေနတ်သံများ
ကဗျာတေးသွားတွေလိုထားခဲ့
ဒါလည်းကဗျာတစ်ပုဒ်ရဲ့တပ်မက်ခြင်းပဲထင်ရဲ့။



ရုရှားက ကဗျာဆရာ၊ စာရေးဆရာ 'ဘောရစ်ပတ်စတာနတ်'
ဖိနပ်ကြီးများရဲ့နင်းခြေမှု
မတူညီတဲ့လေပြင်းများရဲ့တိုက်ခတ်မှု
ပြိုယိုင်လဲလုနိုဗယ်ဆုကြီး
ဒေါက်တာဇီဗားဂိုးတစ်ယောက် ကြက်သီးမထ
အသက်ရှုကျပ်ခဲ့ရသောကာလများစွာ
ဒါဟာ ကဗျာသများ၊ စာသမားရဲ့ရုန်းကန်မှုတစ်ခုပေါ့။



'အနုပညာဟောင်းကိုရိုက်ချိုး'လို့ ကြွေးကြော်ခဲ့တဲ့
ရုရှားက ကဗျာဆရာ 'ဗလာဒီမာ မာယာကော့ဗ်စကီး'
နှစ်တွေရဲ့ကြားမှာ ကျဆုံးခဲ့ပြီးမှ
လူတွေရဲ့ဝင်စားမှုလျော့ပါးပျက်ပြယ်ခဲ့ပြီးမှ
ခါးသီးစွာဝေဖန်ပစ်တင်ခံခဲ့ပြီးမှ
'ငါ့အသံရဲ့တစ်ဆုံးမှာ' ဆိုတဲ့ သူ့ကဗျာလို
သန်းပေါင်းများစွာသော ပြည်သူတွေထဲက သူ့ကဗျာအသံတွေ
မှန်ကန်စွာနှင်းခြေဖြတ်သန်းခဲ့ကြလို့
ကဗျာကို အနာနဲ့ရင်းစားတဲ့ တိုးဝှေ့မှုတစ်ခုဖြစ်တည်စေခဲ့တယ်လေ။



'လူတွေဟာအချုပ်အချယ်၊ အနှောင်အဖွဲ့တွေကို အာခံချင်တယ်' ဆိုတဲ့
အမေရိကန်က ကဗျာဆရာ 'အီးမာဆင်'
ညီမျှစွာအသက်ရှင်နေထိုင်မှုကို ပြုစုရင်း
သူ့ကို မလိုလားအပ်သူတွေက
'စာပေပါရဂူဘွဲ့' ချီးမြှင့်တာခံခဲ့ရ
ဒါဟာမြင့်မြတ်တဲ့ အသက်ရှင်ခြင်းအဖြစ်
ကဗျာတွေနဲ့ မော်ကွန်းတစ်ရစ်သူတစ်ယောက်ဘ၀ ဖြစ်ပြန်ရော။

တကယ်တော့ နေ့ရက်တွေဆိုတာ
အုတ်မြက်တစ်လွှာ၊ သဲတစ်ဖျာလို့ ဘယ်သူသိခဲ့သလဲ
အမြဲတမ်း အက်ဆစ်နဲ့ပက်ခဲ့သူတွေသာ
မညှာမတာနဲ့လေတွေ တစ်ဝရှူရှိုက်နေတုန်း
ပွတ်တိုက်စားမှုကြောင့် ပါးလွှာသွားတဲ့အရာတွေ ရှိခဲ့တာ သိဖို့ကောင်းခဲ့
(တကယ်တမ်းကျတော့ .......................)
ကိုယ့်မျက်ရည်ကျဖူးမှ သူများငိုတာသိကြမှာပဲလေ။ ။


သားလတ်
၆.၈.၁၉၉၄

Wednesday, November 3, 2010


အပူပိုင်းရွက်ပြတ်တော



လေဒဏ် နေဒဏ်နဲ့ဘဝ
မလှမပ အတောင်ကျိုးရင်း
ကန္တာရမှာ ကြီးပြင်းခဲ့တယ်။

တစ်တောထဲမှာ ဖွားတာပဲ
မှားစရာတစ်ခုက 'ရာသီ'ရှိခဲ့
ဒီလိုနဲ့ အမြဲစိမ်းတောမှာ အသက်ရှင်ခဲ့တာကြာပြီ။

ပွဲသိမ်းချိန်ရောက်တော့
ပတ်မကြီး ဖောက်ခွဲခဲ့တဲ့သူလို့စွပ်စွဲခံခဲ့ရ
နေဒဏ်ကြောင့်ဆွံ့အသွားတဲ့ရွက်ကြွေတွေမြင်လား
အမှားတွေနဲ့ခါးဖြတ်ထားမှတော့
အပူပိုင်းရွက်ပြတ်တောရဲ့သဘော
အမြဲစိမ်းလန်းရမှာတောင် မောတယ်ထင်ရဲ့ ။ ။


( 'သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Sunday, October 31, 2010


ခက်ဆစ်အဖော်များ



မမြင်ခဲ့ဖူးတဲ့ ကိုယ့်ရုပ်ကို
မှန်ထဲထည့်ကြည့်ဖူးတယ်
ဘယ်တော့မှမတူခဲ့ဘူး
ထူးခြားစွာ ကျုံ့ခြင်း ကျယ်ခြင်း
ရှင်းရှင်း ကြီးပဲတွေ့ခဲ့ရတယ် ။

နားမလည်နိုင်တဲ့ ဘ၀ရဲ့ဘာသာရပ်
တရစပ်သင်ကြားခဲ့ရတဲ့ တောင်တက်နေ့တွေ
ရှုပ်ထွေးပွေလီ သောကဇာတ်ခင်းခဲ့
လောကရဲ့ချောက်နက်ထဲ အားပါးတရ ခုန်ဆင်းပြီးမှ
ကတုန်ကရင်နဲ့ ဖက်တက်နေရချိန်
ဘ၀အဓိပ္ပါယ်တွေက မှေးမှိန်တုန်းပေါ့ ။

ရာသီနွေလမ်းကြမ်းကြမ်းကနေ ခေါ်ဆောင်လာ
ပလာကကြိုးတန်ဆာနဲ့ အထိန်းတော်နှစ်ပါး
ငါ့အနားမှာ ခစားအမှုထမ်း
အဲဒီ့မှာ ငြိမ်းချမ်းခြင်းလမ်းစ
အဲဒီ့မှာ တရားဆိုတာတွေရဲ့လမ်းစ
အဲဒီ့မှာ တည်ငြိမ်ခြင်းရဲ့လမ်းစ
အဲဒီ့မှာ မှန်ထဲကမရခဲ့တဲ့ကိုယ့်ရုပ်
နှလုံးသားစက်ရုံက ထုတ်လုပ်တည်ဆောက်
'ကာရန်' လမ်းသစ်အောက်
'သံစဉ်' ကမ်းမြစ်ရောက်
ကွန်းထောက်ခိုနားရာနေရာသစ်
အောင်မြင်ရေးတံခါးဖွင့်လှစ်ကာ
ရင်ထဲကခက်ဆစ်တွေရှင်းပြနေပြီ
အရှေ့ဆီမှာ ရာသီဆောင်းနဲ့မိုးပဲ ကျန်တော့တယ် ။ ။



( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Saturday, October 30, 2010


အနမ်း


လေပြည်ငယ်ရဲ့ တို့ထိမှုလို
နူးညံ့မှုက သူ့ဂုဏ်ဒြပ်ပေါ့ ။

မုန်တိုင်းတစ်ခုရဲ့ အစလို့ဆိုရင်
အဲဒီ့မုန်တိုင်းရဲ့ အဆုံးဟာလည်းသူပါပဲ။

ဖြူစင်ခြင်း ရှင်းသန့်ခြင်း
ပြီးတော့ အေးမြခြင်းတွေနဲ့
ဒါ - ပကာသနကင်းတဲ့ အခင်းအကျင်းတစ်ခုလေ။

ဘယ်လိုပဲဖြစ်ဖြစ်
ချစ်သူတို့ရဲ့ သင်္ကေတ
ဒါမှမဟုတ် နိမိတ်ပုံတစ်ခု
အဲဒါတွေက သူဖြစ်ခဲ့တယ် ။ ။


(၂၀၀၁ခုနှစ်-ဇွန်လ၊ မှုခင်းရှုထောင့်)

အစစ်နဲ့အတု



နုပျိုခြင်းဟာ အစစ်မဟုတ်ဘူး
ရင့်ရော်ခြင်းရဲ့ ငယ်ဘ၀ဖြစ်တယ် ။

သန်စွမ်းခြင်းဟာ အစစ်မဟုတ်ဘူး
နာမကျန်းခြင်းရဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ် ။

ချမ်းသာခြင်းဟာ အစစ်မဟုတ်ဘူး
ဆင်းရဲခြင်းရဲ့ အတုအယောင်ဖြစ်တယ် ။

အောင်မြင်ခြင်းဟာ အစစ်မဟုတ်ဘူး
ကျဆုံးခြင်းရဲ့ အရေပြားတစ်ခုဖြစ်တယ် ။

ရှင်သန်ခြင်းဟာ အစစ်မဟုတ်ဘူး
သေဆုံးခြင်းရဲ့ မျက်နှာဖုံးတစ်ခုဖြစ်တယ် ။

တည်မြဲခြင်းဟာ အစစ်မဟုတ်ဘူး
မတည်မြဲခြင်းရဲ့ ကာလအခိုက်အတန့်ဖြစ်တယ် ။

တကယ့်အစစ်ဆိုတာ
ရပ်တည်မှုတစ်ခုပဲရှိခဲ့
အတုရဲ့အပယ်ခံနေရာမှာပေါ့ ။

အစစ်ဆိုတာကို ရချင်ရင်
အချိန်တွေကို နှင်ခဲ့ရမယ်
န္ဓာတွေကို ကျဉ်ခဲ့ရမယ်
အသိတွေကို ငင်ခဲ့ရမယ်
တရားတွေကို မင်ခဲ့ရမယ် ။

မှတ်ထားပါ.................
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ
စစ်ချင်ယောင်ဆောင်ထားတဲ့ အတုတွေသာဖြစ်ပြီး
နိဗ္ဗာန်ရဲ့လိုက်ကာတစ်ခုသာဖြစ်တယ်ဆိုတာပါ ။ ။


(၂၀၀၀ခုနှစ်-စက်တင်ဘာလ၊ မှုခင်းရှုထောင့်)

Sunday, October 17, 2010


လက်နှစ်ဖက်


လက်တစ်ဖက်က လက်တစ်ဖက်ကိုဆွဲတယ်
လက်တစ်ဖက်က လက်တစ်ဖက်ကိုဆုပ်ကိုင်တယ်
ဒီလိုနဲ့လက်နှစ်ဖက်ဖြစ်ခဲ့တယ် ။

အဲဒီလက်နှစ်ဖက်နဲ့ပဲချစ်ခြင်းဟာ ထာဝရတည်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲဘ၀တစ်ခု တည်ဆောက်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲ အရာရာအားလုံးကို ကျော်ဖြတ်တယ်
ချစ်သူ.......ကိုယ့်လက်တစ်ဖက်ရယ် မင်းလက်တစ်ဖက်ရယ်
တစ်သက်တာအတွက်ဖမ်းဆုပ်လို့ မြဲစေမယ် ။ ။


(ကျွန်တော်နှင့်ကျွန်တော့်ချစ်သူလက်ထပ်ပြီးနောက် Gtalk တွင် ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ပထမဆုံးတင်သောကဗျာ)

ခွဲမရသောချစ်သူများ

နက်နဲတဲ့ပင်လယ်
ခက်ခဲတဲ့ကျောက်ဆောင်
ဘယ်လောက်တောင်ဘ၀မှာတွေ့။

အပြုံးကိုဆောင်
လက်မကိုထောင်ရင်း
နောင်လာသမျှအနာဂတ်လမ်းမှာဖြင့်
(ချစ်သူနှစ်ယောက်ကလေ...........)
ဖြတ်သန်းပျော်မွေ့။ ။


(ကျွန်တော်နှင့်ကျွန်တော့်ချစ်သူအတွက် Gtalk တွင် ပထမဦးဆုံးအကြိမ်တင်ခဲ့သောကဗျာဖြစ်ပါသည်၊)

Thursday, October 14, 2010


သံမဏိစည်း

လွမ်းမိရင်တောင်
ချည်နှောင်ရစ်ထား၊ ထိုကြိုးများဖြတ်
အလွမ်းပြတ်စေ၊ တတ်နေသောကဗျာ
ထိုစာတွေထဲ၊ အလွမ်းလွှဲနှစ်
ချစ်သည့်ကာလမေ့ပစ်သည်။

အိပ်မက်ရင်တောင်
အိပ်မက်ဖောင်ပေါ်၊ ယောင်၍မပါ
မျောကာမလိုက်၊ သတိမိုက်မရှိ
အသိလိုက်ညှိ၍၊ ထိုနေ့ညမှာ
ထကာထိုင်တတ်၊ အိပ်မက်ရပ်စေ
ဤသို့ဝေဒနာဖြတ်ပစ်သည်။

ရုတ်တရက်ထွက်
စကားမြွက်ခြွေ၊ အခက်ပွေအောင်
ဖွေဆောင်ကျန်ရစ်၊ နာမည်လှစ်ဟ
ထိုခဏ၌၊ နှုတ်ခမ်းကိုက်ကာ
မမိုက်ပါဟု၊ သူ့နာမည်လည်းမပြော
ကိုယ့်စကားလည်းမဟ၊ ရင်မှမျိုသိပ်
တိတ်တိတ်မလှုပ်
နှုတ်စကားနည်းကာ နေဖြစ်သည်။

မပိုင်သည့်ပန်း
တခြားလန်းနေ၊ လွမ်းသင့်လေသလား
စည်းတွေခြားကြ၊ ထိုဘ၀မှာ
ကာလအဆုံး၊ တစ်သက်လုံးတိုင်
လွမ်းငိုင်မရှိ၊ အသိနှင့်တွက်
အိပ်မက်မဝေ၊ စကားခြွေမဖြစ်
ချစ်သမျှကာလ
' တစ်ခါက' သာဖြစ်စေမည်။


(၁၉၉၅ခုနှစ်-ဧပြီလ၊ ရွှေသမင်မဂ္ဂဇင်း)

တဒင်္ဂ

အကြည့်တစ်ခုဟာ
ပင်လယ်ထဲကလှိုင်းတံပိုးတွေခေါ်ဆောင်လာလို့
ရင်ထဲမှာရိုက်ခတ်သွားပြီထင်တယ်။

စကားတစ်ခွန်းဟာ
ဟိုးအထက်ကောင်းကင်ဖျားက
နတ်သားတွေရဲ့တူရိယာ၊ စောင်းတံပိုးသံတွေခေါ်ဆောင်လာလို့
နားထဲမှာငြိမ့်အေးသွားပြီထင်တယ်။

စင်စစ်....................
ပင်လယ်ထဲကလျှပ်ပြက်ခြင်းလို
ကောင်းကင်ပေါ်ကမိုးခြိမ်းသံများလို
အားလုံးဟာတဒင်္ဂမျှသာကြာပါတယ်။

တွေ့ဆုံရတဲ့ခဏတာဟာ
ကာလများစွာကိုမေ့လျော့စေတတ်တယ်ဆိုတာ
ဘယ်သူသိခဲ့ပါသလဲကွယ် ။ ။


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

အစွဲအလမ်း

အသည်းကျွမ်းအောင်ပေါ့
စွဲလမ်းကာတွယ်တာခဲ့။

စားစိတ်၊ နေစိတ်၊ သွားစိတ်မှာတောင်
အနားမှာအရိပ်တစ်ခုပါသလိုမို့
စိတ်မှာအမြဲတမ်းတကာ
အစွဲအလမ်းတွေရစ်ပတ်လာသမျှနဲ့
(ကိုယ်ကကွယ်.................)
ချစ်တတ်ပါရဲ့ ။ ။


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Tuesday, October 12, 2010


ချစ်သူ

ကော့ညွှတ်သီစို
မျက်ဝန်းညိုမှာ၊ ကြည်ပိုတောက်ပ
တိမ်စင်လသို့၊ ပျပျမမှုန်
ရောင်စုံမယှက်၊ ရင်ထက်စွဲငြိ
အချစ်၏အရောင်၊ အပြာဆောင်နေ
အမှောင်ခြွေဆင်း၊ ကြည့်လိုက်ခြင်းတွင်
သက်ပြင်းတွေချ၊ မျက်လွှာချလို့
ကိုယ်ကမကြည့်ရဲ၊ အသိထဲမလုံ
အမြင်ဆုံတိုင်း ရင်ခုန်သည်။

နက်မှောင်ရှည်လျား
ဆံနွယ်ဖျားမှာ၊ လေသားနမ်းရှိုက်
သယ်ရာလိုက်ပါ၊ လူးလာဝေ့၀ိုက်
ထိုအခိုက်ပေါ့၊ စုပိုက်ယုယ
သူ့ဆံစမျှင်၊ အသာတင်သပ်
တလှပ်လှပ်ကွယ်၊ မပြတ်ဘယ်တော့
ခေါင်းမော့ခေါင်းခါ၊ မျက်နှာအလွှဲ
မြင်လိုက်ဆဲတွင်ရင်ခုန်သည်။

နီရဲရွှဲစို
နှင်းဆီလိုနှုတ်ခမ်း၊ အပေါ်တန်းပါး
အောက်တန်းကားထူ၊ တွဲကာစူလှ
အပူစမေ့၊ နှုတ်ကမွှေ့လျှင်
မတွေ့မြင်လောက၊ ချိုမြအသံ
နားထံစီးမျော၊ ညီသောသွားများ
စီထားဖြောင့်ဖြူး၊ ရင်ကြည်နူးသည်
ဖူးငုံပန်းဖတ်၊ ပွင့်လှပ်မည့်ဟန်
စိတ်မှာကြံမရ၊ နှိုးဆွမသိစိတ်
တိတ်တိတ်လေးနွမ်း၊ အို-စိတ်ကြမ်းတို့
မှန်းတွေးလေတိုင်း ရင်ခုန်သည်။

ဖြောင့်သွယ်ကော့သွား
နှုတ်ခေါင်းဖျားမှာ၊ ချွေးများစုစု
ဟိုဥသည်မှီ၊ တွဲကာစီခိုက်
သီသည့်ချွေးများ၊ လက်ဖျားနှင့်ဖယ်
နှာတံငယ်ဝင်း၊ ဖြူချောခြင်းမြဲ
ရင်တွင်းစွဲမက်၊ နှုတ်ခမ်းထက်ဆက်သော
ချိုင့်ခွက်ရှည်မျော၊ ရင်သိပ်မောစေ
အနမ်းခြွေလမ်း
ပန်းဖြေစခန်းတစ်ခု၊ နှလုံးသားထုထင်
စိတ်တွင်တွယ်ဖက်
တွေးကြည့်လျက်တွင် ရင်ခုန်သည်။

သွေးကြောနီစိမ်း
ယှက်သွယ်ယိမ်းနွဲ့၊ ခက်တိမ်းလဲ့မြင်
မှဲ့မထင်သော၊ ဖြူစင်ပါးထက်
နုညက်သနပ်ခါး၊ ခပ်လွှာလွှားတင်
ကြည်ရွှင်ပြုံးပြ၊ မြင်ရချိုင့်ခွက်
ပါးချိုင့်လက်စို
အသက်ပိုနုထင်
ရှက်သလိုပြုလျှင် ရင်ခုန်သည်။

သွယ်လျခန္ဓ
လှပပါလို့၊ နိမ့်ကာမြင့်တက်
မို့မောက်ထက်ဝန်း၊ တောက်ပရွှန်းဝေ
လှလွန်းနေသော၊ အလှတောမှ
အမောပန်းသခင်၊ ရင်ကိုနှိုးကြွ
ပန်းလှရနံ့၊ စွဲငြိပျံ့စေ
အသိဝေသော၊ ချစ်နေသည့်သူ
အပူမရှိ၊ သူမသိလည်း
အကြည့်သူခိုး၊ တိုးလျှိုးပုန်းဝှက်
ငေးနေရက်သူ၊ သည်လူမှိုင်ငေး
အတွေးထဲချစ်၊ အိပ်မက်သစ်ဝေ
အချစ်တွေများ၊ နှစ်တွေပွားစဉ်
ကြင်နာကာလရွေ့
အမြင်မှာခွာမရ၍
အစဉ်သာထာဝရမမေ့တော့ပါ။ ။



( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

အလင်းနှစ်စောင့်သူများ


ညဉ့်လယ်ယံကိုပဲ
ဂီတသံနဲ့အစာကျွေး
တစ်ရေးမနိုးသူတွေရဲ့အိပ်မက်အပြင်က
ချောင်ကျကျအုတ်ခုံတန်းတွေပေါ်မှာ
သူတို့နေရာအမြဲယူထားတယ်။

လှိုက်မောတုန်ခါနေတဲ့အသံတွေက
အောင်မြင်မှုအာဟာရတွေကိုတောင့်တပုံမျိုး
ဆိုးရွားတဲ့ညတစ္ဆေတောင်
ယောင်တောင်တောင်နဲ့ထကြည့်ရတဲ့ဘဝ
အဲဒါလူအများပြောတဲ့ ' ဂျစ်ပစီ 'တွေရဲ့အစလေ။

အုတ်ခုံနားမှာဇိမ်ကျနေတဲ့
ခွေးပိန်မလည်းနားရွက်ကိုတွန့် လွန့်ခနဲထ
စည်းစိမ်စွန့်လို့နေရာဟောင်းကိုခွာ
ဒါတောင်တက်ကြွစွာနဲ့
သူတို့ရင်ထဲကချွေးတွေကိုရေရွတ်လို့
ကောင်းကင်ကကြယ်တွေကိုဆွတ်ချင်နေလေရဲ့။

ဆုံးရှုံးခြင်းနွေ
ကြေကွဲခြင်းမိုး
ဆိုးရွားတဲ့ဆောင်း
အဟောင်းစွန့်တဲ့အမှိုက်ကျင်းထဲနှစ်ပြီးထည့်ခဲ့
ဒီလိုနဲ့အလင်းနှစ်ကိုတွေ့သွားသူတွေ
အလင်းနှစ်ကိုဆက်စောင့်သူတွေ
(ဟိုမှာကြည့်လေ)
လမ်းထောင့်ကအုတ်ခုံတွေမှာရှိနေတယ်။ ။



( လမ်းဘေးအုတ်ခုံပေါ်မှဂီတကိုဖက်တွယ်ရင်း အောင်မြင်သွားသူများ၊ မအောင်မြင်သေးသူများအား ရည်ညွှန်းခံစားရေးဖွဲ့ပါသည်။ )

( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Post a Comment