အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 5 May 2011

အမှန်တရားနဲ့ သည်းခံခြင်း ၊


  1. အမှန်တရားနဲ့ သည်းခံခြင်း ၊
  2. အဖတ် ၊ အသိ ၊အမြင် ၊
  3. အသိ၊ အတတ်၊ ပညာ (Knowledge, Art, Wisdom)  ၊
  4. အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)

အမှန်တရားနဲ့ သည်းခံခြင်း


သည်းခံလိုက်ပါ။ အချင်းချင်းတွေပဲ ။ ကိုယ်ကမှန်နေတာပဲ သူပြောတာ မှားနေမှန်းသိကြတာပဲ။ သည်းခံလိုက်ပါဗျာ။ သည်းခံလိုက်ပါ။ သူကလည်း သူ့ဘဝ ကောင်းစားဖို့အတွက် သူ မင်းကို စွန့်သွားရတာပါ။ သည်းခံ နားလည်လိုက်စမ်းပါ။ ဝမ်းနည်းမနေပါနဲ့။ ဟုတ်ကဲ့ပါဗျာ ...။ သည်းခံပါတယ်။ ကျွန်တော် သည်းခံပါတယ်။ ချစ်၍ စွန့်သွားတဲ့ မင်းကို သည်းခံနေခဲ့ဖူးပါတယ်။

သည်းခံလိုက်ပါ ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာ အသုံးအများဆုံး စကားလုံး ဖြစ်လာသလို၊ ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ ဘဝက ရေမလာရင်လည်း သည်းခံပေးရတယ်။ မီးမလာရင်လည်း သည်းခံပေးရတယ်။ ကုန်ဈေးနှုန်းတွေ တက်လည်း သည်းခံတယ်။ ဘတ်စ်ကား လာတာ ကြာတာကိုလည်း သည်းခံတယ်။ ဖုန်းလိုင်း ကြိုးပြတ်တာကိုလည်း လာပြင်တဲ့အထိ သည်းခံစောင့်ပေးတယ်။ သည်းမခံတာကတော့ သူတို့ပဲ။ ဖုန်းဘီလ် မဆောင်ရင် ဖုန်းပိတ်တယ်။ အမြတ်ခွန်ဆောင်တာ နောက်ကျရင် ဒဏ်ရိုက်တယ်။ မြေခွန်၊ အိမ်ခွန်၊ ဂိုထောင်ခွန် ဆောင်တာ နောက်ကျရင် ဒဏ်တပ်တယ်။ ဒီနေရာမှာ တွေးစရာတွေ ဖြစ်လာရပြီ။

ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေ နဲ့ သည်းခံခြင်း ကြားထဲမှာ အဆင်ချောရဲ့လား။ ပါဠိလို ခန္တီ ကို မြန်မာလို သည်းခံခြင်းလို့ ဘာသာပြန်တာ အပြည့်အစုံ မှန်ရဲ့လား။ “ရသေ့ ရဟန်းတို့ရဲ့ အလှက သည်းခံခြင်း”လို့ လောကနီတိ ဆရာတွေက ရေးခဲ့တယ်။ ခန္တီ သည်းခံခြင်းဟာ တကယ်ဆိုရင် ဒေါသမပါပဲ တုန့်ပြန်ရမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ ရသေ့ရဟန်း တစ်ပါးပါးကို ကျွန်တော်က မဟုတ်တန်းရား စွပ်စွဲပြောဆိုမယ်။ ဒါကို သိသွားတဲ့ ရသေ့ရဟန်း တစ်ပါးပါးက သည်းခံလို့ မရနိုင်တော့ပါဘူး။ အများသူငါ သိရအောင် တုန့်ပြန်မှု တစ်ခုခု ပြန်လုပ်ရတော့မှာပါ။ ဒေါသမပါတဲ့ တုန့်ပြန်မှုကို ပြုလုပ်ရတော့မှာပါ။ အမှန်တရား အတွက် သက်သေပြရတော့မှာပါ။ အမှန်တရားနဲ့ သည်းခံခြင်း ကြားထဲမှာ အဆင်ပြေမှု ရှိဖို့ လိုအပ်လာပါပြီ။

တစ်ခါတုန်းက ဘုရားအလောင်း ပုဏ္ဏားဟာ သည်းခံခြင်းတရားကို ဒေါသကြီးတဲ့ နဂါးမင်းကို ဟောပါတယ်။ နောက်တစ်ခါ ဘုရားအလောင်းပုဏ္ဏားနဲ့ နဂါးမင်းတို့ တွေ့ကြတဲ့အခါ နဂါးမင်းရဲ့ ခေါင်းတစ်ခုလုံး ဖူးရောင်နေပါတယ်။ ဒီတော့ ဘုရားလောင်းက ဘာဖြစ်တာလဲလို့ မေးတဲ့အခါမှာ သင်က သည်းခံရမယ်လို့ ဟောသွားတဲ့ အတိုင်း ငါကျင့်နေတာပါလို့ ပြောတဲ့အခါမှာ ဘုရားလောင်းက ငါသည်းခံတယ်လို့ ဆိုလိုတာက ဒေါသမပါပဲ တုန့်ပြန်ရမယ်လို့ ဆိုတာ။ သင့်ကို နှိပ်စက်တဲ့သူတွေ ရှိရင် သင့်တန်ခိုးကို သုံးပြီး ကာကွယ်နိုင်ပါတယ်လို့ ပြန်လည် ဟောကြားခဲ့ပါတယ်။ ဘုရားလက်ထက်တော်မှာ နန္ဒောပနန္ဒ နဂါးမင်း .... မာနကြီးတယ်၊ ဒေါသကြီးတယ်။ သူ့ကို ရိုးရိုး တရားဟောလို့ မရဘူး။ သည်းခံနေလို့ မရတော့ ဗုဒ္ဓရဲ့ လက်ရုံးတစ်ဆူ ဖြစ်တဲ့ ရှင်မောဂ္ဂလာန် ကိုယ်တော်က သူ့ထက် သုံးဆလောက်ကြီးတဲ့ နဂါးကိုဖန်ဆင်း၊ နဂါးမင်းကို တောင်နဲ့ ညှပ်ထားပြလိုက်မှ သံဝေဂရပြီး လမ်းမှန်ကို ရောက်သွားခဲ့တယ်။

“ရသေ့ ရဟန်းတို့ရဲ့ အလှက သည်းခံခြင်း” ဆိုတာကိုကြည့်ရင် သည်းခံတယ်ဆိုတာ အရှုံးပေးတာလား၊ အရှုံးပေးရတဲ့ သည်းခံခြင်းဟာ အလှလား။ (တလွဲ မတွေးပါနဲ့၊ အတွေးမှားရင် ချော်ထွက်သွားမှာ စိုးလို့ပါ) နောက်တစ်ခုက သည်းခံတဲ့နေရာမှာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ သင်ကြားတဲ့ ကျမ်းစာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယေရှုခရစ်က ဒီဘက်ပါးကို ရိုက်ရင် ကျန်တဲ့ ပါးတစ်ဖက်ကိုပါ ထိုးပေးလိုက်လို့ သူ့တပည့်တွေကို ဟောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရွှေကျောင်းရှေ့မှာ ငွေတိုးချေးစားသူတွေ လာပြီး စီးပွားရှာနေတာကို တွေ့တော့ ယေရှုခရစ်က ကြာပွတ်ကို ထဆွဲမိပါတယ်။ သည်းခံခြင်းဆိုတာ အကန့်အသတ် တစ်ခုအတွင်းမှာပဲ ရှိတယ်ဆိုတာ မြင်တွေ့လိုက်ပါပြီ။

ခုလို သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သည်းခံတယ်ဆိုတာရဲ့ အနှစ်သာရကို လေ့လာမိသလောက် အမှန်တရားကို ထိပါးလာရင် ဒေါသ မပါပဲ တုန့်ပြန်နေတာကို တွေ့ခဲ့ကြမှာပါ။ လောကနီတိမှာ ဖွင့်ဆိုထားတာတွေဟာ အယူအဆ တစ်ခုအနေနဲ့ လက်ခံလို့ ရပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်အယူအဆနဲ့ ကိုယ် ဆင်ခြင်သုံးသပ်ပြီး မှန်၏ မမှန်၏ စဉ်းစား ဆင်ခြင်သင့်ကြောင်းကိုသာ တင်ပြလိုက်ပါတယ် ခင်ဗျာ။

အဖတ် ၊ အသိ ၊အမြင်


       လူအများပင် စာဖတ်တတ်ပါသည်...။
အဓိပ္ပါယ်ကို သိကြပါသည်...။ သို့ ရာတွင် စာရေးဆရာ၏ အာဘော် ၊ စာရေးဆရာ၏ ရည်ရွယ်ချက် ၊စာရေးဆရာ၏ ဆန္ဒကို
သိမြင်တတ်သူကား နည်းပေသည်...။ စာဖတ်သူအများအပြားပင် စာရေးဆရာ၏ ရည်ရွယ်ချက်ကိုသိအောင် တွေးသူမြင်သူကား
ရှားပေသည်...။
        စာကို စာအနေနှင့် ဖတ်ချင်၍ ဖတ်သည်...။ ဖတ်ပျော်ရှုပျော်ရှိ၍ ဖတ်သည်...။
အစအဆုံးဖတ်ပြီးလျှင် ``ဖတ်လို့ ကောင်းသားပဲ``ဟု မှတ်ချက်ချချင်ချမည်..။
``ပျင်းစရာကြီးပါကွာ``ဟု ကဲ့ရဲ့ ချင် ကဲ့ရဲ့ မည်...။ စာရေးဆရာ၏ ရည်ရွယ်ချက်ကိုကား စာရင်းသွင်းလှခဲသည်။
        စာရေးဆရာသည် သူ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ရေးသည့်အခါရေးသည်...။ အရိပ်ပြ အကောင်ထင်သဘောမျိုး
ရေးသည့်အခါ ရေးသည်..။ စာဖတ်သူက စာကို စာသက်သက်အဖြစ် ဖတ်ခြင်းထက် စာရေးသူ၏ဆန္ဒကိုပါ
တွေးကြည့်လျှင် ပို၍ အရသာတွေ့ ပေမည်...။
စာရေးကတည်းက စာရေးဆရာတိုင်း ရည်ရွယ်ချက်နှင့်ရေးကြ၍ စာရေးသူ၏ ရည်ရွယ်ချက်ကား အဓိကဟု ဆိုချင်ပါသည်...။
       ကျွန်တော်ခပ်ငယ်ငယ်က အင်္ဂလိပ်စာရေးဆရာတစ်ယောက်ရေးသော ``ကျောင်းသားဘ၀ လူမျိုးတစ်မျိုး``
ဟူသော စာအုပ်ကို ဖတ်ဖူးသည်..။
သူရေးသော အင်္ဂလိပ်စာသည် လွယ်သည် ၊ ရှင်းသည် ၊ နားလည်သည်..။ ထို့ ကြောင့် သူ့ စာအုပ်ကို ဖတ်ကြည့်မိသည်။
သူရေးသော အကြောင်းအရာမှာ မြန်မာလူမျိုးတို့  ကလေးဆန်ပုံ ၊ အင်္ဂလိပ်များ၏ ယဉ်းကျေးမှုကို အကြွင်းမဲ့အတုခိုးပုံ ၊
အတွေးအခေါ်မရင့်သန်ပုံ တို့ ကို ရေးသောကြောင့် အစပထမတွင် သူ့ ကို မုန်းသည်...။
မြန်မာလူမျိုးကို နှိမ့်ချရမလား ၊ ကဲ့ရဲ့ ရမလားဟု စိတ်ဆိုးသည်...။ သူ့ စာအုပ်ကိုမဖတ်တော့ဘဲ ပစ်ထားခဲ့သည်...။
        ဥပစာတန်းကို အောင်ပြီးသောအခါ စာအုပ်ဟောင်းများကို ဖုံခါရင်း သူ့ စာအုပ်ကို တွေ့ ပြန်သည်...။
မေ့မေ့လျော့လျော့ရှိနေ၍ စာမျက်နှာကို ဟိုလှန်သည်လှန် လှန်ကြည့်မိသည်...။
   ``မြို့ ဝန်ကြီးသည် အဆောင်ကိုင်များနှင့် မြစ်ကမ်းနဖူးတွင် လမ်းလျှောက်နေသည်...။ သူ့ ကိုကြည့်ရသည်မှာ
ခက်ခက်ထန်ထန်ရှိသည်...။ ကျွန်ုပ်တို့ ကို မြစ်ကြောင်းစုန်ခွင့်မပေးဟု ခေါင်းတခါခါ ငြင်းဆန်နေသည်...။
ကျွန်ုပ်တို့ ကား မြန်မာနှင့်အင်္ဂလိပ်တို့  စစ်ဖြစ်မည့်အကြောင်း အတွင်းစကားရထားသောကြောင့် မြို့ ဝန်ကြီးသည်
ကျွန်ုပ်တို့ အားဖမ်းဆီး၍ မန္တလေးသို့ နှောင်ကြိုးတည်းကာ ပို့ တော့မည်ဟု တထိတ်ထိတ်နေကြ၏...။
သို့ ရာတွင် မှောင်ရီသန်းလာသောအခါ ကျွန်ုပ်တို့ ထံမင်းချင်းတစ်ယောက် ပေါက်လာပြီးလျှင် မြို့ ဝန်ကြီးအား
ကန်တော့လက်ဆောင် ဆက်သပါက မြစ်ကြောင်းစုန်ခွင့် ပြုမည့်အကြောင်း ပြောကြား၏...။
ကျွန်ုပ်တို့ ကား ပါသမျှ အဖိုးထိုက် အဖိုးတန်တို့ ကို ချက်ချင်းပေးခဲ့ပြီးလျှင် ဒုန်းစိုင်းစုန်ဆင်းခဲ့၏....။
ဤအဖြစ်အပျက်ကား မြန်မာနိုင်ငံတွင်ဖြစ်၍ မြန်မာမြို့ ဝန်ကြောင့် ကျွန်ုပ်တို့  လွတ်မြောက်ခဲ့၏...။
အကယ်၍ ဤအဖြစ်အပျက်မျိုး အင်္ဂလန်ပြည်တွင် ဖြစ်၍ မြန်မာတို့ က အင်္ဂလိပ်တို့ နှင့် စစ်ခင်းမည်ဆိုပါက
ကျွန်ုပ်တို့  အဖြစ်မျိုးနှင့်ကြုံသော မြန်မာတို့ သည် အင်္ဂလိပ်မြို့ ဝန်၏ ဖမ်းဆီးခြင်းကို ခံရရုံမက လန်ဒန်မြို့ သို့ အရောက်
သံခြေကျင်းခတ် ၊ သံကြိုးတည်း၍ အပို့ ခံရမည်မှာ မုချပင်..``
ဟူသော စာကို အမှတ်မထင်ဖတ်မိပါသည်....။
          စာရေးဆရာကား မြန်မာတို့ အပေါ် စာနာမှု ၊ထောက်ပြမှုများကို အမှန်ကို ရေးပါလားဟု သိလာသည်...။
သူ့ ဆန္ဒကို မြင်လာသည်...။သူ့ စေတနာကို လေးစားလာသည်...။ ထို့ ကြောင့် သူ့ စာအုပ်ကို အစအဆုံး ဖတ်တော့သည်....။
           မြန်မာတို့ သည် အင်္ဂလိပ်များစီးသော ဘွတ်ဖိနပ်ကို စီးချင်က စီးနိုင်ပါသည်...။ အင်္ဂလန်ကမှာယူ၍ မြန်မာတို့ နှင့်
အရွယ်မတော်သော အင်္ဂလန်ပြည်လုပ် မတော့်တတော် ဘွတ်ဖိနပ်များကို မစီးစေချင်ပါ...။
မြန်မာနိုင်ငံမှထွက်သော မြန်မာ့နွားသားရေနှင့် မြန်မာလုပ်ဘွတ်ဖိနပ်အရွယ်တော်များကိုသာ စီးစေချင်သည်ဟု
ရေးထားသည်ကို ဖတ်မိပြန်သည်...။
       မှန်ပေစွ...။ နိုင်ငံခြားယဉ်ကျေးမှု ဖြစ်သော်လည်း ခေတ်မီ၍ အတုယူသင့်က ယူထိုက်သည်ဟု သဘောပေါက်ပါသည်...။
သို့ ရာတွင် ပုံတူကူယူလျှက် မိမိလူမျိုးနှင့် မသင့်လျော်သော သူတပါးအား လုံးဝအားကိုးသော အတုခိုးနည်းမျိုးကို မခိုးဘဲ
ကိုယ့်မူကိုယ့်ဟန် ကိုယ့်လူမျိုးနှင့် သင့်လျော်သော ခေတ်မီအတုခိုးမှုတို့ ကို ခိုးသင့်သည်ဟု သဘောပေါက်မိပါသည်...။
      ထိုစာအုပ်ပါ အကြောင်းအရာများသည် ကိုလိုနီစနစ်ဘက်သား စစ်အမှုထမ်းဖြစ်စဉ်က အကြောင်းအရာများ ဖြစ်ပါသည်...။
စာရေးသူသည် တော်လှန်ပုန်ကန်သော မြန်မာတို့ ကို လိုက်လံနှိမ်နင်းနေသော အရာရှိဘ၀တွင် ရှိနေသည်...။
သို့ ပါလျှက် သူရေးခဲ့သောစာအုပ်တွင် မြန်မာတို့ ကား အသိနောက်ကျသည်...။
တော်လှန်ရေးစိတ်ဓာတ် ရှစ်နှစ်မျှ နောက်ကျသည်...။ သီပေါမင်းကို အင်္ဂလိပ်ဖမ်းစကတည်းက အုံကြွ ထကြွ
ပုန်ကန်ထိုက်သည်ဟု ရေးခဲ့သည်...။
      သူ့ စာအုပ်တွင် အထက်မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မြန်မာနှင့် တိုင်းရင်းသားတို့  အင်္ဂလိပ်နှင့်တိုက်သော တိုက်ပွဲများကို
စိတ်ဝင်စားဖွယ် ရေးခဲ့သည်...။ သရုပ်ဖော်ရေးသားရာ၌ ပေါ်ပေါ်လွင်လွင် ရှိလှပေသည်...။
      သို့ သော် သူ့ ရည်ရွယ်ချက်ကား တိုက်ပွဲများအကြောင်းရေးရင်း မြန်မာတို့ ပစ္စုပ္ပန်ကို သုံးသပ်၍ အနာဂတ်တွင်
သတိရှိစေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း တွေးမိသည်....။ သူ့ အရိပ်အခြေကို ဖမ်းမိသည်... ။
သူ့ စာ၏အရသာကို ပို၍ခံစားမိသည်....။
သူ့ စာအုပ်များကို ဖတ်ပြီးကတည်းက စာဖတ်ပုံကို သတိထားခဲ့မိသည်.....။
        မည်သည့်စာအုပ်ကို ဖတ်ဖတ် ၊စာရေးသူ၏ ရည်ရွယ်ချက်ကို ကျွန်တော်တွေးကြည့်လေ့ရှိသည်...
သူ့ စေတနာကို အကဲခတ် ကြည့်လေ့ရှိသည်...။ သူ့ အသယ်အပို့  ၊ အချိတ်အဆက်အရေးအသားကို
လေ့လာကြည့်လေ့ရှိသည်....။
        စာဖတ် အသိ အမြင်ကား လိုတတ်ပါကလားဟု ဆင်ခြင်မိ၍ ဤဆောင်းပါးကို ရေးခြင်း ဖြစ်ပါသည်....။
တက္ကသိုလ်မောင်မောင်ကြီး
(မြန်မာစာ ပါမောက္ခ)

အသိ၊ အတတ်၊ ပညာ (Knowledge, Art, Wisdom)

လွန်ခဲ့သည့် အနှစ်နှစ် ထောင်ကျော်က ဂရိတ် ပညာရှိကြီး အရစ္စတိုတယ် (Aristotle) က `လူသည် သဘာဝ အားဖြင့် သိလိုသော ဆန္ဒ ရှိသည်´ ဟု ဆိုဖူးသည်။ လူသည် အရာရာ၌ သိချင်၊ တတ်ချင်စိတ် ရှိသော
သတ္တ၀ါ ဖြစ်သည်။ ထိုစိတ်ကြောင့် လည်း သိလာ တတ်လာသည်။ ထိုသို့ သိလာ တတ်လာ သောကြောင့်ပင် လူ၏ နေထိုင်မှု အခြေအနေသည် တိုးတက်လာခဲ့ သည်။

သိချင်သည့် အလျောက် စုံစမ်း လေ့လာ စေ့ငု သောကြောင့် `အသိ´ ကို ရရှိ လာသည်။ အသိ ရှိလာ သောကြောင့် `အတတ်´ကို ရရှိ လာသည် အသိ၊ အတတ် တို့ကြောင့် `ပညာ´ သည် ပေါ်ထွန်း လာလေသည်။ ယခု အခါ၌မူ အသိ ကိုလည်း ပညာဟု ခေါ်ကြသည်။ `ပညာ ဗဟုသုတ´ ဟု ဆိုကြသည်။ အတတ်ကိုလည်း ပညာဟု ခေါ်ကြသည်။ `အတတ်ပညာ´ဟု ဆိုကြသည်။

အသိနှင့် အတတ် တို့သည် ပညာ ပေါ်ထွန်းရာ၌ အထောက် အပံ့ ပြုသည် မှန်၏။ သို့သော် အသိချည်း ပညာ မဟုတ်သေး။ အတတ် ချည်း ပညာမဟုတ်သေး။ အသိနှင့် အတတ် ပေါင်းစပ်ပြီး နောက် ထို ပေါင်းစပ်ချက်ကို အခြေပြု၍ တွေးခေါ် မြော်မြင်ခြင်း၊ ဆင်ခြင် သုံးသပ်ခြင်း တို့ကို ပြုပြီးမှ ရရှိသော အဆီ အနှစ်သည် သာလျှင် `ပညာ´ ဖြစ်၏။ `ပညာ ဟူသော်ကား အပြစ်၊ အကျိုး ခွဲခြမ်း နိုင်ခြင်း ဥာဏ်တည်း´ ဟု ရှင်မဟာ သီလ၀ံသ၏ `ပါရာယန ၀တ္တု´၌ ဆိုသည်။

`အတတ် ပညာ´၊ `သိပ္ပံ ပညာ´၊ `ဗေဒင် ပညာ´၊ `၀ိဇ္ဇာ ပညာ´ စသည်ဖြင့် အတတ် များစွာကို `ပညာ´ တပ်၍ ဆိုနေကြ သည်ကို ကန့်ကွက်ရန် မရည်ရွယ်ငြားလည်း၊ အကောင်း အဆိုး၊ အကျိုး အပြစ် တို့ကို ခွဲခြမ်း စိတ်ဖြာ၍ ဝေဖန် နိုင်စွမ်း ရှိသော ဥာဏ်ကို ဆိုလိုရင်း ဖြစ်သည် ဟူသော အချက်ကို အထူး သတိပြု စေလိုပေသည်။
ဥာဏ်ဆိုသည် မှာလည်း စစ်စစ် အားဖြင့် `အသိ´ပင် ဖြစ်သည်။ အသိ ဆိုသည် အဆင့်ဆင့် ရှိသည်။ သာမာန် အမြင်၊ အတွေ့ဖြင့် သိသော အသိ၊ စေ့စေ့ စပ်စပ် မြင်တွေ့သော အသိ၊ ထိုးထွင်း၍ မြင်သော အသိ၊ ဆင်ခြင် ဝေဖန် ပိုင်းခြား၍ သဘော တရားကို သိမြင်သော အသိ စသည်ဖြင့် အဆင့်ဆင့် ရှိသည်။ ပညာ ဟူသည် မှာလည်း အသိပင် ဖြစ်ပေသည်။ ထို့ကြောင့် အသိ၊ အတတ်၊ ပညာ တို့သည် ဆက်စပ် နေ၏။ သို့သော် ထိုသုံးမျိုး ရောစပ် ရာ၌ တမျိုးမျိုး၏ အင်အားကို လိုက်၍ ပညာအရည် အချင်းကို အကဲခတ်၍ သတ်မှတ် ရသည်။

လူတိုင်း၌ အသိ ရှိ၏။ ထိုအသိသည် အပေါ်ယံ အသိနှင့် ထိုးထွင်း၍ သိသော အသိတို့ ဖြစ်လေရာ၊ အချို့ ပုဂ္ဂိုလ်တို့၌ အပေါ်ယံ အသိ၏ အင်အားသာ ရှိပြီးလျှင် ထိုးထွင်း၍ သိသော အသိအင်အား အလွန် နည်းပါးသည်။ ဥာဏ်နည်းသည် ဆိုနိုင်သည်။ အချို့ ၌မူ အပေါ်ယံ အသိလည်း ရှိသည်။ ထိုးထွင်း၍ သိသော အသိလည်း ရှိ၏။ မှန်းတမ်း အဆင့်၌ ရှိကြသည်။ အချို့မှာကား ထိုးထွင်း၍ သိမြင်သော အသိအင်အား ကောင်းသဖြင့် အပေါ်ယံ အသိကို အခြေပြု၍ သူတကာ မြင်နိုင်ခဲ့သည့် အမြင်၊ သိနိုင် ခဲ့သည့် အသိတို့ကို ရရှိပေသည်။ ဥာဏ်ကြီးသော ပုဂ္ဂိုလ်များ ပေတည်း။
လူလူခြင်း အမြင် အားဖြင့် တူညီသော်လည်း ဥာဏ်အရည်အချင်း၌ ကွာခြား သွားသည်။ ထို့ကြောင့် လူတော်နှင့် လူညံ့ဟူ၍ အမျိုးအစား ကွဲပြားလေသည်။ ဥာဏ်ထက်မြက်သူသည် အတတ် ပညာသင်ယူရာ၌ အခြားသူ တို့ထက်ပို၍ ပေါက်ရောက် ဖြစ် မြောက်သည်။ `တထွာပြ တလံမြင်သည်´ ဟူသော ဆိုရိုးစကားသည် ထိုပုဂ္ဂိုလ်တို့ အတွက် ပေါ်ပေါက်လာသည်။´

ပင်ကိုဥာဏ် ထက်မြက်ခြင်းသည် ကောင်းခြင်း လက္ခဏာ တစ်ခု ဖြစ်ပေ၏။ သို့သော် ဥာဏ်ဟူသည် ဓားနှင့် တူသည်။ သွေးနိုင်မှ ထက်သည်။ ပစ်ထားလျှင် သံချေးတက်၍ တုံးချေမည်။ ထို့ကြောင့် ဥာဏ်၏ နောက်တွင် ၀ီရိယ ပါရသည်။ ၀ီရိယ ဟူသည် `အားထုတ်မှု´ ဖြစ်သည်။ လူတိုင်း၌ စွမ်းအား ရှိ၏။ ထိုစွမ်းအားကို ထုတ်၍ သုံးသူသည် အားကောင်းမည်။ အားကြီး လာမည်။ ထုတ်၍ မသုံးဘဲ ထားလျှင် အလဟဿ ဖြစ်မည်။ အားထုတ်မှုသည် အရေး အကြီးဆုံး ဖြစ်၏။ အမြဲတမ်း အားထုတ်၍ ကြိုးပမ်း နေခြင်းကို `လုံ့လပြုသည်´ဟု ဆိုကြသည်။ ထို့ကြောင့် `လုံ့လ၊ ၀ီရိယ´ဟူ၍ ပူးတွဲ ဝေါဟာရ ဖြစ်လာသည်။ ဥာဏ်၌ ၀ီရိယ မပါလျှင် ထက်မြက်ခြင်းသည် တဖြည်းဖြည်း လျော့ပါး သွားချေမည်။ တဖြည်းဖြည်း တုံးဖို့သာ ရှိတော့သည်။

ပညာသင်ကြားရေး (တနည်းဆိုသော်) `ပညာရေး´ကို အင်္ဂလိပ်လို Education ဟု ခေါ်ဆိုသည်ကို အများသိကြသည်။ ထိုဝေါ ဟာရသည် Educere ဟူသော လက်တင်ဘာသာ ဝေါဟာရမှ ဆင်းသက်လာသည်။ အဓိပ္ပါယ်ရင်းမှာ `ဦးဆောင်၍ ခေါ်ယူသည်။ ဆွဲထုတ်သည်´ ဟူ၏။ ဆိုလိုသည်မှာ တစ်ဦးက အခြားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ လိုအပ်သည့် ပန်းတိုင်သို့ ရောက်လေအောင် ဦးဆောင်၍ ခေါ်ခြင်း၊ တစ်ဦးသော ပုဂ္ဂိုလ် (သို့) တစ်ခုသော ပစ္စည်းက ပုဂ္ဂိုလ် တစ်ဦး၏ နစ်မြုပ်လျှက် ရှိသော စွမ်းရည်တို့ကို ဆွဲထုတ် ပေးခြင်း ဖြစ်သည်ဟု ယူဆပါသည်။
`ပညာရေးသည် ကျွန်ုပ်တို့ အားလုံး၌ ရှိသော စွမ်းရည် တို့ကို ညီညီ ညွတ်ညွတ် တိုးတက် စေရေးပင် ဖြစ်သည်။ ပညာရေးသည် ကလေးငယ် များကို ထိန်းသိမ်း စောင့်ရှောက်သည့် အခန်းမှ ကျောင်းခန်းသို့ ဆက်၍ ရောက်ရှိ သွားသည်။ နောက်ကျောင်းငယ်၊ ကျောင်းကြီးတို့၌ သင်ယူ ပြီးသော်လည်း ပညာ သင်ယူမှုသည် မပြီးဆုံးပေ။ တစ်သက်လုံး ဆက်လက် သင်ယူ နေရ၏။ ဗြိတိသျှ သမိုင်း ပညာရှင်ကြီး အက်ဒွပ်ဂစ်ဗန်း (Edward Gibbon, 1737 – 94) က လူတိုင်း၌ ပညာသင်ယူမှုသည် နှစ်မျိုးရှိသည်။ ပထမသည်။ သူတပါးက မိမိအား သင်ကြားပေးခြင်း ဖြစ်သည်။ နောက်တစ်မျိုးကမူ မိမိကိုယ်တိုင် မိမိက သင်ကြားပေးခြင်း ဖြစ်၏ဟု ဆိုသည်´ ဟူ၍ ဂျွန်လွှတ်ဘတ် (John Lubbok) က သူ၏ `ဘ၀ကို အသုံးပြုခြင်း´ (The Use of Life) စာအုပ်၌ ဆိုသည်။

သူတစ်ပါးထံမှ သင်ယူခြင်း လုပ်ငန်းကို လူတိုင်း ငယ်စဉ်ကတည်းက ပြုလုပ်သည်။ ကျောင်း၌ အတတ် ပညာတို့ကို သိကျွမ်း နားလည်အောင် သင်ယူရသည်။ ကျောင်းမနေဦးတော့၊ လုပ်ငန်းခွင် တစ်ခုခုမှာ လုပ်ငန်း တတ်ကျွမ်းသူ ဆရာထံမှ လုပ်ပုံ လုပ်နည်းတို့ကို သင်ယူရသည်။ ထိုသို့ သင်ယူခိုက်မှာပင် မိမိကိုယ်ကို မိမိ ပညာသင်ပေး၍ သင်ယူရသည်။ ဒုတိယ လုပ်ငန်းကိုမူ လူတိုင်း မလုပ်ကြချေ။ ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း သိမြင်အောင်၊ တတ်ကျွမ်းအောင် လုပ်ယူ ရသောကြောင့် လူတိုင်းက မပြုလုပ် လိုချေ။ အချို့ကသာ ပြုလုပ် ကြသည်။

ဤနေရာ၌ပင် လူနှစ်မျိုး ခွဲခြား ထွက်ပေါ်လာသည်။ သူတစ်ပါး သင်ပေးသမျှနှင့် ကိစ္စ ပြီးနေသူတို့သည် အများစု ဖြစ်သည်။ သူတို့သည် ရွက်ကြမ်း ရေကျို သာမာန် ပုဂ္ဂိုလ်များ ဖြစ်သည်။ မိမိကိုယ်ကို မိမိ တသက်လုံး ပညာသင်ပေးပြီး ပညာ သင်ယူနေသူတို့သည် ထိုသူများထက် ပို၍ ထက်မြက်သော ဥာဏ်ရှိသည်။ ကျယ်ပြန့်သော အမြင် ရှိသည်။ စွမ်းဆောင်နိုင်အား ပို၌ ရှိသည်။ ထို့ကြောင့်ပင် ထိုသူတို့သည် အများ၏ ရှေ့မှာနေ၍ အများကို ဦးဆောင် ကြရသည်။

ဂစ်ဗန်း ဆိုလိုသော ပညာရေးသည် `ဘက်စုံ ပညာရေး´ ဖြစ်သည်။ လူ၏ စွမ်းရည် အမျိုးမျိုးကို ညီညွတ်စွာ တိုးတက် စေရေးဟု ဆိုထားသည်။ လူ၌ စွမ်းရည် အမျိုးမျိုး ရှိ၏။ ထိုစွမ်းရည်တို့ကို အချိုးအစား ညီညီ၊ ဟန်ချက် ညီညီ တိုးတက်လာရန် ကြိးပမ်းရေး သည် ပညာရေးပင် ဖြစ်၏။ ဘက်စုံ ပညာရေး၌ ဗဟုသုတသည် အရေးပါလှ၏။ ဗဟုသုတသည် များစွာသော အကြားအမြင်၊ အတွေ့အကြုံတို့ပင် ဖြစ်သည်။ စာတွေ့၊ ကိုယ်တွေ့ နှစ်မျိုးလုံးကို ဆိုလိုသည်။ ထိုထိုသော အကြားအမြင်၊ အတွေ့အကြုံ တို့ကို စာတွေ့ကိုယ်တွေ့ တို့မှ တသက်ပတ်လုံး ဆည်းပူးပါမှ ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း သိမြင် တတ်သော ပညာအစစ်ကို ရရှိနိုင် ပေမည်။ ကိစ္စ တခုခု၊ ပြဿနာ တရပ်ရပ်၌ ပါရှိသော အကြောင်းအရာ၊ အချက် အလက်တို့ကို ရှာဖွေ ထုတ်ဖော်ပြီးလျှင် ဆင်ခြင်၍ မှန်ကန် သင့်မြတ်သော ကောက်ချက်၊ ဆုံးဖြတ်ချက် တို့ကို ချမှတ်ပြီးနောက် လိုအပ်သလို ဆောင်ရွက်ရန်၊ ကျယ်ပြန့် သောအမြင် ရှိဖို့လိုသည်။ ထိုအမြင် ရရှိရေး၌ ဗဟုသုတသည် အလွန်ပင် အရေးပါလှ၏။ ထို့ကြောင့် စာတွေ့ ကိုယ်တွေ့ ဟူသော အတွေ့အကြုံ နှစ်မျိုးကို တသက်ပတ်လုံး ဆည်းပူး ပြီးလျှင် သင်ယူ နေရပေသည်။

စာတွေ့ ကိုယ်တွေ့တို့ကို ရှာဖွေပြီးလျှင် မိမိ၏ ပင်ကို ဥာဏ်ဖြင့် ထိုးထွင်း သိမြင်အောင် ကြိုးပမ်းမှသာ အတွေ့ အကြုံတို့၏ အနှစ် သာရကို ရနိုင်ပေမည်။ တွေ့ကာ ကြုံကာမျှဖြင့် ပညာ မရနိုင်ပေ။ ဤကိစ္စ၌ ဥာဏ်ပညာသင် အလွန်ပင် လိုအပ်၏။ ဆိုကြ ပါစို့၊ အတွေ့အကြုံ တခုကို လူနှစ်ယောက် ကြုံတွေ့ ကြရ၏။ ထိုအတွေ့ အကြုံမှ ရသော ပညာရလာဒ်ချင်း တူမည် မဟုတ်။ ကိုယ်ပိုင်ဥာဏ်၏ အစွမ်းပေါ်၌ မူတည်၍ ရယူရသော ပညာဖြစ်သဖြင့် မတူနိုင်ပေ။ အသိချင်း တူ၏။ ပညာချင်း မတူပေ။ အရည် အသွေးချင်း ကွာနေတတ်သည်။
`အမေ မှာတဲ့အတိုင်း၊ ဆရာသင် ပေးတဲ့အတိုင်း´ သာ လုပ်တတ်သူနှင့်၊ အရိပ်ပြ အကောင်ထင်သော ဥာဏ်နှင့် လမ်းစ ဖော်ပေး လိုက်ရုံဖြင့် လမ်းမှန် လျှောက်၍ ခရီးရောက်သူ တို့သည်၊ ပထမ အခြေအနေ၌ အဆင့်တူ သော်လည်း တဦးက ရှေ့သို့ တိုးတက် သွားသည်။ ကျန်တစ်ဦးက ကျန်ခဲ့လေသည်။
အတတ် ပညာတို့သည် အမျိုးမျိုး ရှိကြ၏။ လူ့လောက၌ ရေတွက်၍ မကုန် နိုင်လောက်အောင် များပြားလှ၏။ အားလုံးကို သင်ကြား တတ်မြောက် နိုင်မည်ဆိုလျှင် ဆိုသူ ရူးရာကြမည်။ သို့သော် အချို့ အတတ်ပညာကို ကောင်းစွာ တတ်မြောက်အောင် သင်ယူ ထားပြီးလျှင် အခြား အတတ်ပညာ အချို့ကို ခေါက်မိရုံမျှ သိထားလျှင် ကောင်းပေမည်။ စာမျိုးစုံ ဖတ်ဖို့ လိုမည်။ တတ်ကျွမ်းသူတို့၏ ပြောကြားချက်တို့ကို ကြားနာဖို့လည်း လိုသည်။ အခါအခွင့် ကြုံတိုင်း စာကြည့်တိုက်မှ စာအုပ် စာတမ်းများ ငှားယူ ဖတ်ရှုသင့်သည်။ ငှားယူ သွားခွင့် မရှိသည့် စာအုပ်စာတမ်း တို့ကို အချိန်ရတိုင်း စာကြည့်တိုက်မှာပင် ဖတ်ရှု မှတ်သား ရပေမည်။ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်း ဖတ်ပွဲများ သို့လည်း အခွင့်ကြုံတိုင်း တက်ရောက် သင့်ပေသည်။

`ကျွန်ုပ်၏ အတွေ့အကြုံ အရဆိုရပါမူ ကျောင်းသင် ပညာရေးသည် သာမာန်မျှသာ ဖြစ်သည်။ ပို၍ အရေးပါသည်မှာ တသက် ပတ်လုံး မိမိကိုယ်ကို မိမိ သင်ပေးခြင်းပင် ဖြစ်သည်။ ရောက်ဖို့ ခက်ခဲသော၊ ဝေးလံသော၊ လူ့တန်ဖိုး အစစ်ကို ဖော်ထုတ်သော ပန်းတိုင်သို့ အရောက်သွားရန် အားသွန် ကြိုးပမ်းခြင်းသည် အထူးလိုအပ်၏။ ပညာတစ်ရပ်ရပ်၌ အထူး လေ့လာ သင်ကြားခြင်း သည် ကောင်းပါ၏။ သို့သော် ကြီးကျယ် ခက်ခဲသော လုပ်ငန်းများ အတွက် လိုအပ်နေသည်မှာ ပညာရပ် တစ်ခု၌ တစ်ဖက် ကမ်းခတ် တတ်မြောက်သော ပညာရှင်မျိုး မဟုတ်။ သမိုင်း၊ ယဉ်ကျေးမှု၊ စာရိတ္တ စသည့် ပညာတို့ အကျုံးဝင်သော ပညာကို တတ်ကျွမ်းသော၊ ထောင့်ချိုး ညီသော၊ လူပီသသော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်´ ဟု အမေရိကန် စာရေး ဆရာကြီး ဂျိန်းစ်အေ မစ်ချနား (James A. Michener) က ဆိုသည်။ (`ထောင့်ချိုးညီသော၊ လူပီသသော ပုဂ္ဂိုလ်တို့´ ဟူ၍ မြန်မာ ပြန်လိုက်သော အင်္ဂလိပ် မူရင်းသည် Well-rounded human beings ဖြစ်သည်။´) Human ဟူသော ဝေါဟာရကို အထူးပြုသည့် အနေဖြင့် စာလုံးစောင်းများဖြင့် ရေးထားသည်။ ထို့ကြောင့် လူပီသသောဟု ပြန်ဆို လိုက်ရပါသည်။

`ပညာဆိုသည် အိုသည်မရှိ´ ဟူသော ဆိုရိုးအတိုင်း တသက်တာ ပညာသင်ယူမှု ပြုနေရမည် ဖြစ်ရာ မိမိထက် တတ်ကျွမ်းသူ ဆိုလျှင် သားအရွယ်၊ မြေးအရွယ်ပင် ဖြစ်စေကာမူ မိမိက ဆရာတင်၍ သင်ယူရ ပေမည်။ မိမိကိုယ် မိမိ သိလှ၊ တတ်လှပြီ အထင် ကြီးသူသည် ပညာ တံခါးကို ပိတ်ထားသူ ဖြစ်သည်။ သူ့အမြင်သည် တစ်နေ့ တခြား ကျဉ်းမည်။ မှုန်ဝေ လာမည်။ မိမိ၏ ဦးနှောက်သည် တဖြည်းဖြည်း ခြောက်လာမည်။ နှလုံးသားသည် တစ်နေ့ တခြား ကျုံ့လာမည်။ နောက်ဆုံး၌ မည်သူမှ မကပ်ဝံ့၊ မကပ်ချင်သည့် ပညာရှိ စာခြောက်ရုပ်ကြီး ဖြစ်သွား လေတော့မည်။
တက်တိုး
(တက်တိုးဧ။် အတွေးအမြင်များမှ ကောက်နှုတ်ဖော်ပြသည်။)
××××××××××××××××××××××××××××××××××××××××××


အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)



ဒဿနိကဗေဒ (Philosophy)


Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ
ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။

အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logical consistency)၊ နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။

အခြား ကဏ္ဍ များမှာ ဒဿနိကဗေဒတွင် ပါဝင်ပြီး သဘာဝ၏ ဖြစ်တည်မှု၊ သစ္စာတရား၊ အသိပညာတို့နှင့် ဆိုင်သောပညာရပ် (Metaphysics)၊ လူတစ်ဦးချင်း အသိပညာနှင့် သက်ဆိုင်သော ဘာသာရပ် (Epistemology)၊ ကိုယ်ကျင့်တရားနှင့် ပတ်သတ်သော ပြဿနာများကို ဖြေရှင်းခြင်းဆိုင်ရာ ဘာသာရပ် (Ethics)၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဒဿနိကဗေဒ (Social and political philosophy)၊ ယုတ္တိဗေဒ (သို့) တက္ကဗေဒ (Logic)၊ သဘာဝကို ခံစားခြင်းဆိုင်ရာ ဘာသာရပ် (Aesthetics) တို့ ပါဝင်သည်။




ပင်ကိုယ် အာရုံခံ အသိပညာ (sentient) မှ ဖြစ်ပေါ်လာသော ခွဲခြားသိမြင်မှု (Perceiving) နှင့် စေ့စေ့စပ်စပ် လေ့လာစောင့်ထိန်းမှု (observing) တို့ကို ပြင်ပလောကနှင့် လိုက်လျောညီထွေ ဆက်ဆံ အသုံးချတတ်ဖို့ အလွန်အရေးကြီးသည်။ ပြင်ပ သဘာဝ၏ အစီစဉ်တကျ လုပ်ဆောင်မှု၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို မှတ်ဥာဏ်၏ တည်ဆောက်မှုတွင် ယုံကြည်မှု အဖြစ် သိမ်းဆည်းထားသည်။


အသိပညာ (Knowledge)

အသိပညာ (Knowledge) သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledge ဆိုသော အသိပညာ တို့ ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ ခြင်းက အဓိကဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် အများနှင့်တန်းတူ တွေးနိုင်၊ သိနိုင်၊ စဉ်းစားနိုင်၊ ဝေဖန်နိုင်ရန်နှင့် သုံးသပ်နိုင်ရန်အတွက် အသိပညာ (Knowledge) နှင့် ပြည့်စုံ ဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ ထိုအချက်ကို လူသားတို့ ကောင်းစွာ သဘောက်ပေါက် နားလည်သော်လည်း အသိပညာ (Knowledge) ၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှု အလွန်အားနည်းသေးသည်။ အထူးသဖြင့် မြန်မာ စာဖြင့် ရေးသားထားသော အင်တာနက် စာမျက်နှာ တော်တော်များများတွင် အသိပညာ ဟူ Label ကို တွေ့ရတတ်ပြီး ထိုခေါင်းစဉ်အောက်တွင် ရေးသားထားသည်များမှာ အသိပညာ (Knowledge) မဟုတ်သည့် အခြား အကြောင်းအရာများသာ ဖြစ်နေသည်။ ဤသို့ဆိုလျှင် အသိပညာ (Knowledge) ဆိုသည်မှာ အဘယ်နည်း ????

အသိပညာ (Knowledge) ဆိုသည်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်။ သတင်း၊ အချက်အလက် (Information) သည် အလည်အလက်အဆင့်ဖြစ်ပြီး အချက်အလက် (Data) မှာ အနိမ့်ဆုံးအဆင့်ဟူ၍ အကြမ်းဖျဉ်း မှတ်သားနိုင်သည်။

အချက်အလက် (Data) ဆိုသည်မှာ သာမန် စီးဆင်းမှုတစ်ခု (သို့) ဖြစ်ပေါ်ပြောင်းလဲလာမှုတစ်ခုမှ ရရှိသော အချက်အလက်များကို ခေါ်သည်။ သတင်း၊ အချက်အလက် (Information) ဆိုသည်မှာ အချက်အလက် (Data) များကို ခေါင်းစဉ်အလိုက် ခွဲခြားသတ်မှတ်ပြီး လူသားတို့နားလည် လက်ခံနိုင်သော ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များကို ခေါ်သည်။ အသိပညာ (Knowledge) တွင် အတွေးအခေါ် (Concepts)၊ ကိုယ်တွေ့ (သို့) အတွေ့အကြုံ (experience)၊ ကန့်သက်ချက် တစ်စုံတစ်ရာအတွင်း လိုက်လျှောညီထွေမှုရှိစေရန် ဖန်တီး စီစဉ်ပေးနိုင်သည့် အသိဥာဏ် (insight that provide a framework for creating)၊ ဝေဖန် ပိုင်းခြားနိုင်မှု (evaluating) နှင့် အချက်အလက် (Information) တစ်ခုကို အသုံးချနိုင်မှုတို့ ပါဝင်သည်။


အသိပညာ (Knowledge) ကို မလေးနက်သော အသိပညာ (Shallow knowledge) နှင့် လေးနက်သော အသိပညာ (Deep knowledge) ဟူ၍ အဆင့်အတန်း နှစ်မျိုး သက်မှတ်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် အသိပညာ (Procedural Knowledge) ၊ သဘာဝ အသိပညာ (Declarative Knowledge) ၊ မြင့်မားသော အသိပညာ (Meta Knowledge) ၊ ကိုယ်တိုင်လေ့လာ သင်ကြားခြင်းဆိုင်ရာ အသိပညာ (Heuristic Knowledge) ၊ ဆက်စပ်တွေးတော တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ (Structural Knowledge) ၊ အသုံးပြုခြင်း ဆိုင်ရာ အသိပညာ (Procedural knowledge) ဟူ၍ ပိုင်းခြား သတ်မှတ်နိုင်သည်။


အသိပညာ (Knowledge) ဆိုသည်မှာ မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းဖြစ်သည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟု ဂရိအတွေးအခေါ်ပညာရှင် ပလေတို (Plato) က ခံယူတင်ပြခဲ့၏။

ပလေတို၏အဆိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality) ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ထိုသို့ပင် William James က အမှန်တရား (Truth) ဆိုသည်မှာ ပထမဦးဆုံး တွေးတော့ရမည်၊ ထိုအတွေးသည် တခေဏ္ဏသော်လည်းကောင်း၊ တစ်ဘဝသော်လည်း ကောင်း ယခုချက်ချင်း မှန်ကန်သလို နောက်လည်း မှန်ကန်နိုင်သည်။ ဆိုလိုသည်မှာ အမှန်တရား၏ တည်မြဲမှုမှာ အချိန်အနေ၊ အချိန်အခါနှင့် လူတို့၏ သဘောထားပေါ်တွင်သာ မူတည်ပေသည်။

Kenneth E က အသိပညာ (Knowledge) ကို ပုံရိပ်တစ်ခုအဖြစ်လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ထိုပုံရိပ်ကို တိတိကျကျ ဝေခွဲ ပိုင်းခြားလို့ မရပါက ထိုပုံရိပ်သည် ယုံကြည်မှု (Belief) မှ အမှန်တရားသို့ ပြောင်းလဲလာသည်ဟုသာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) ဖြစ်ရန်အတွက် စိတ်ကူး၊ အကြံအစည် (Idea) အဖြစ် နီးကပ်လာသည်ဟု ယူဆနိုင်သည်။

ခြုံငုံသုံးသပ်ကြည့်ပါက အသိပညာ (Knowledge) ဆိုသည်မှာ အကြောင်းအချက် တစ်ခု (Information) ဖြစ်သည်။ သို့သော် ထို အကြောင်းအချက်သည် မှန်ကန်မှုရှိသည်၊ ခွဲခြမ်းစိတ်ဖြာပြီးနောက် တိကျသေချာတဲ့ အဖြေ ရရှိပြီးသား အရာဟု မှတ်သားနိုင်သည်။

ကမ္ဘာဦးအစ လူသားတို့သည် အသိပညာ (Knowledge) ကို အသိ၊ ရှင်းရှင်းလင်းလင်းသိမြင်ပြီးသော အမှန်တရား၊ သင်ကြားမှု၊ သက်သေပြနိုင်တဲ့ အရည်အချင်းတစ်ခု လို့ သက်မှတ်ထားကြသည်။ ထို့ကြောင့် အသိပညာ (Knowledge) တစ်ခုကို တိတိကျကျ သေချာနာလည်ရန်အတွက် မိမိကိုယ်တိုင် တွေ့ကြုံနားလည်ဖို့ လိုအပ်သည်။


ယုံကြည်မှု (Belief)
ယုံကြည်မှု (Belief) ဆိုသည်မှာ နားလည်မှုလည်းဖြစ်နိုင်သည်၊ ပြည့်ြုပည့်စုံစုံ မှန်ကန်ဖို့ မလိုအပ်၊ သို့သော် အတိုင်းအတာ အစိတ်အပိုင်းတစ်ခုထိတော့ မှန်ကန်မှုရှိရပေမည်။ အချို့သော တည်ဆောက်မှုများကို အထောက်အပံ့ဖြစ်စေရမည်။ တစ်စုံတစ်ယောက်၏ အဆိုပြုချက်ကို ယုံကြည်သင့် မယုံကြည်သင့် အဆုံးအဖြတ်ပေးနိုင်ရမည်။ ဖြစ်ပေါ်လာသော ပြဿနာများကို ကျိုးကြောင်းဆီလျော်သော ဖြေရှင်းနိုင်ရမည်။ ယုတ္တိရှိစွာ တွေးတောနိုင်ရမည်။

ယုံကြည်မှု (Belief) ဆိုသည်မှာ တစ်ဦးချင်း အယူအဆ၊ တစ်ဦးချင်းအသိများ မှတပါး အများစု၏ ခံယူချက်များ၊ ယူဆချက်များ၊ အယူဝါဒများ ပါဝင်သည်။ အမှန်တရားဟူသော အစိတ်အပိုင်းထဲမှာမှ လူအားလုံးက အပြည့်အဝနှင့် လက်ခံနိုင်စေသော ကြောင်းပြချက်တစ်စုံတစ်ရာကြောင့် အားလုံးကသဘောတူ ထောက်ခံလိုက်လျှင် ထို အမှန်တရားသည် ယုံကြည်မှုအဆင့်သို့ ကူးပြောင်းသွားသည်။

လူ့အဖွဲ့အစည်းတွင် အမှန်တရား မှာ မရှိသလောက် ရှားပါးနေပြီဟု အတွေးအခေါ်ပညာရှင်များက ရှေးဦးပိုင်းကတည်းက လက်ခံထားခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင် အာခီးမီးဒီး က နေ့ခင်းချိန်တွင် မီးအိမ်ထွန်း၍ အမှန်တရားကို ရှာဖွေခဲ့ဖူးသည်။ ယနေ့ခေတ် ဆိုလျှင် အမှန်တရား၏ ပျောက်ဆုံးမှုပမာဏမှာ များစွာကြီးမားလာပေသည်။ အမှန်တရားနည်းပါးလာသည်နှင့်အမျှ ယုံကြည်မှု များလည်း နည်းပါးလာပေသည်။

တစ်ယောက်တစ်မျိုးပြောနေသော အကြောင်းအရာများကို မည်သူမျှ မယုံကြည်ချင်ကြပေ။ ဤသို့ဆိုလျှင် အသိပညာရော နည်းပါးလာပြီလား ??? စဉ်းစားစရာဖြစ်လာသည်။


အသိပညာနှင့် ယုံကြည်မှု

အသိပညာနှင့် ယုံကြည်မှုကြားတွင် ကွာဟမှု မြောက်များစွာ ရှိသည်။ ထိုကွာဟမှုကို တိတိကျကျ တိုင်းတာဖို့ မဖြစ်နိုင်ပါပေ။ ရရှိလာသည့် အတိုင်းအတာသည်လည်း တိုင်းတာသည့် လူများ၏ ယုံကြည်မှုပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်သည်ဟု စင်္ကာပူနိုင်ငံ နန်ယမ်း တက္ကသိုလ် (Nanyang Technological University Singapore ) မှ လေ့လာသူ တစ်ဦးက ဆိုသည်။

Edmund L. Gettier က အသိပညာ (Knowledge) ဆိုသည်မှာ ယုံကြည်မှုကို ခွဲခြမ်းစိတ်ဖျာခြင်းဖြစ်သည်။ ယုံကြည်မှု (Belief) သည် အမှန်တရား (Truth) နှင့် နီးစပ်သည်။ လုံးဝ တူခြင်းတော့မဟုတ်။ ထို ယုံကြည်မှု (Belief) ကို တိတိကျကျ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင်တော့ အသိပညာ (Knowledge) ဟု အဓိပ္ပါယ် သက်မှတ်နိုင်သည်။


အသိပညာ (Knowledge) သည် ယုံကြည်မှု (Belief) နှင့် အမှန်တရား (Truth) တို့၏ ထပ်တူကျရာ တူညီသည့် အစိတ်အပိုင်းမှာမှ ခွဲခြမ်းစိတ်ဖျာ သက်သေပြနိုင်သော တိကျသည့်အပိုင်းသာ ဖြစ်သည်။
အသိပညာ (Knowledge) ကို ကျွန်ုပ်တို့ သက်သေပြ၍ရနိုင်သည်။ အတွေ့ကြုံယူနိုင်သည်။ တစ်ခါတစ်ရံတွင် အသိပညာအား မြေကြီးလို့ သတ်မှတ်နိုင်သည်။ ယုံကြည်မှုကိုတော့ မြေကြီးအဖြစ် မသတ်မှတ်နိုင်ပေ။ အသိပညာနှင့် ယုံကြည်မှုတို့၏ အဓိက ခြားနားချက်ကို မေးပါက အသိပညာဆိုသည်မှာ သက်သေပြနိုင်သည့်အရာဖြစ်သည်။ ၎င်းတွင် ဖြေရှင်းနိုင်မှု စွမ်းအားများ ရှိသည်။ ယင်းဂုဏ်သတ္တိများနှင့် ပြည့်စုံလျှင် အသိပညာ (Knowledge) ဖြစ်ပြီး မပြည့်စုံလျှင် ယုံကြည်မှုသာ ဖြစ်ပေသည်။


အသိပညာ၊ ယုံကြည်မှု နှင့်
ဒဿနိကဗေဒ

ဒဿနိကဗေဒ ဘာသာရပ်၏ အနှစ်သာရဖြစ်သော S နှင့် P တို့ဖြင့် အသိပညာ (Knowledge) နှင့် ယုံကြည်မှု (Belief) တို့နှင့် ဒဿနိကဗေဒ (Philosophy) တို့၏ ဆက်စပ်မှုကို သက်သေပြနိုင်သည်။

ပထမ တစ်ဖက်တွင် S သည် ယုံကြည်မှု (Belief) တစ်ခုဖြစ်ပြီး P သည် အမှန်တရား (သို့) ခိုင်လုံသော အကြောင်းပြချက် ရှိသော မျှတမှု ဖြစ်သည်ဆိုလျှင် S မှ P ကို သိနိုင်သည်သည်။ (S knows that p iff S's belief that p is (i) true and (ii) justified.) ဆိုလိုသည်မှာ အမှန်တရား (Truth) တစ်ခု (သို့) ခိုင်လုံသော အကြောင်းပြချက်ရှိသည့် မျှတမှုတစ်ခုကို ယုံကြည်မှု (Belief) အဖြစ် သိ နိုင်သည်။ P သည်အမှန်တရား (Truth) ဖြစ်သည်။ ထိုမှတဆင့် S မှ P ကို ယုံကြည်သည်။ ထို့နောက် S မှ P ကို မျှတသော အကြောင်းပြချက်ဖြင့် ယုံကြည်သည်။ P သည် S အတွက် အသိပညာ ဖြစ်လာသည်။ ၎င်း မှာ အသိပညာ (Knowledge) ၊ ယုံကြည်မှု (Belief) နှင့် ဒဿနိကဗေဒ (Philosophy) ပင်ဖြစ်သည်။

ဒုတိယတစ်ဖက်တွင် မည်သူမဆို အခြား အသိပညာ (Knowledge) မည်မျှ ပြည့်စုံကြွယ်ဝသည်ဖြစ်စေ တစ်စုံတစ်ခု အပေါ် ယုံကြည်မှု (Belief) အလွန်အမင်း များပါက အခြားအသိပညာများက သုံးမရဖြစ်သွားပေသည်။ ဥပမာ၊ ဘာသာတရား အယူဝါဒ တစ်ခု (သို့) နိုင်ငံရေး အယူဝါဒ တစ်ခုတွင် ယုံကြည်မှု (Belief) များနေပါက ထို ပုဂ္ဂိုလ်သည် မည်မျှ ထူးချွန်ထက်မြတ်သူဖြစ်စေ၊ မည်မျှ အသိ/အတတ်ပညာ ပြည့်စုံသူဖြစ်စေ အစွန်းရောက်သွားနိုင်သည်။ ထိုအခြေအနေမျိုးတွင် ထို ပုဂ္ဂိုလ်မျိုးကို ယုံကြည်မှု မြင့်မားသူ အဖြစ်သာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) လိုအပ်သေးသူအဖြစ် သုံးသပ်နိုင်သည်။ ဤသို့ဆိုလျှင် ယုံကြည်မှု (Belief) သည် အသိပညာ (Knowledge) ကို လျှော့ကျစေသည် (သို့) အနှောက်ယှက်ဖြစ်စေသည်ဟု လည်း မှတ်သားနိုင်ပေသည်။

ကြိုးစားပါဦးမည်
မီးပြတိုက်
http://www.meepyatite.info/

1 comments:

La said...

ဗဟုသုတအများကြီးရပါသည် ကျေးဇူးပါနော် ကိုသန့်

Post a Comment