အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 17 June 2011

မတ်စွာဘုရားကို ဘာ့ကြောင့် ရှိခိုးရပါသလဲ"





ဒီမေးခွန်းလေးကို ဦးဇင်းအား နိုင်ငံခြားသားများရော ယဉ်ကျေးမှုသင်တဲ့အခါတိုင်းမှာရော လူငယ်တွေနဲ့ စကားထိုင်ပြောဖြစ်တဲ့အခါတိုင်းမှာရော မေးလေ့ကြရှိတဲ့ မေးခွန်းလေးပါ။ နိုင်ငံခြားသားတွေက သူတို့တန်ခိုးကြီးဘုရားတွေ သွားတဲ့ခါ ဗုဒ္ဓဘာသာများ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးနေတာတွေ့ရတော့ အဲဒါ ဘာလုပ်တာလဲ။ ဘာေ့ကြာင့် ဒူးထောက်အညံ့ခံ ရှိခိုးရတာလဲတဲ့။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာလည်း လူငယ်တွေက သေချာမသိတော့ ဘယ်လိုအာရုံပြုပြီး ရှိခိုးရမလဲတဲ့။ ဦးဇင်းရောက်တဲ့အရပ်မှာ ဦးဇင်းကိုခင်ပြီး ကျောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများနဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့က ဘုရားကို ရှိခိုးတဲ့ခါ ဘာသာတစ်ခုနှင့်တစ်ခု ရှိခိုးတာခြင်း မတူသလို အာရုံပြုတာချင်းလည်း မတူလောက်ဘူးနော်တဲ့။ ဦးဇင်း အဲဒီမေးခံရတဲ့ မေးခွန်းတွေကို ဦးဇင်းတက်သိနားလည်သလောက် ဒီလို ဖြေပေးခဲ့ပါတယ်။
          ဦးဇင်းတို့ မြတ်စွာဘုရားသည် ဦးဇင်းတို့ သတ္တ၀ါတွေအတွက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူ့အတွက်မဟုတ်ဘဲ အများကောင်းကျိုးရဖို့ရန် သူများမလုပ်နိုင်သော ပါရမီများကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ရအောင် လုပ်ခဲ့ပါတယ်။ သူ့တစ်ယောက်တည်းအတွက်ဆို သုမေဓာရှင်ရသေ့ဘ၀တည်းက နိဗ္ဗာန်ကိုရပါလျက်နဲ့ နိဗ္ဗာန်ကို မသွားသေးဘဲ ဆင်းရဲပင်းပန်းခံကာ ပါရမီတွေကို ဖြည့်ကျင့်ပေးခဲ့တယ်။
          နောက်ပြီး ဘုရားဖြစ်လာတဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီ ရှိရာ ဘုရားရှင်က (၂)နာရီပဲ အနားယူကျိန်းစက်ပြီး (၂၂)နာရီ အလုပ် လုပ်ပေးခဲ့ပါတယ်။ မိမိတို့ သတ္တ၀ါတွေ ကောင်းတာမကောင်းတာ ခွဲခြားတတ်ပြီး ပြုလုပ်ဆောင်ရွက်နိုင်အောင် ချမ်းသာသုခများရရှိအောင် လုပ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးများဟာ မိမိတို့အပေါ်မှာ များပြားလှတဲ့အတွက်ကြောင့် အဲဒီကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးဦးချသလို ဘုရားရှင် သည် မိမိတို့ထက် သီလ သမာဓိ ပညာအစရှိတဲ့ ဂုဏ်တော်တွေသည် မိမိတို့ထက် အများကြီးသာလွန်ပါတယ်။ ဘုရားရှင်ကို မိမိတို့ တုနိုင်တဲ့အရာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် မိမိတို့အပေါ်ရှိနေတဲ့ ကျေးဇူးတရားတွေ၊ မိမိတို့ထက် သာလွန်သောဂုဏ်အပေါင်းနှင့်ပြည့်စုံနေသော မြတ်စွာဘုရားရှင်ကို မိမိတို့က ရှိခိုးဦးချ ရိုသေလေးစားရခြင်း ဖြစ်ပါတယ်လို့ နိုင်ငံခြားသားများကို ဖြေရှင်းပေးခဲ့ပါတယ်။
             ထို့အတူ တရားတော်များသည်လည်း မိမိတို့အား ကောင်းတာ မကောင်းတာကို ညွှန်ပြပေးခြင်းစတဲ့ ဂုဏ်ကျေးဇူးများရှိတာကြောင့် ရှိခိုးရတာပါ။ သံဃာတော်များသည်လည်း မိမိတို့အား မျက်မှောက်သံသရာ ကောင်းစားရေးများကို လမ်းညွှန်ဆုံးမပြောဆိုပေးတဲ့ ဂုဏ်ကျေးဇူးတွေရှိတာရယ်၊ မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်ရယ် လှူဒါန်းပူဇော် ရှိခိုးဦးချရခြင်းဖြစ်ပါတယ်။
            တစ်ခါ မိဘဆရာသမားများသည်လည်း မိမိတို့အပေါ်၌ ကျေးဇူး တရားများပြားသောကြောင့်ရယ်၊ မိမိတို့အား အတက်ပညာ လူလိမ်မာလေးများဖြစ်အောင် ပြောဆိုဆုံးမသွန်သင်ပေးတာကြောင့်ရယ် ရှိခိုးဦးချ ရိုသေရခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးခဲ့ပါတယ်။
          ဦးဇင်းလည်း ခု 5.6.2011 မှ သီရိလင်္ကာကို ပြန်ရောက်တာဆိုတော့ ဒီကရှေ့ အရင်မြန်မာပြည်နေစဉ် မေးထားတဲ့မေးခွန်းများကို ဖြေပေးပါတော့မယ်။ ခု ဦးဇင်းအမေးအဖြေလုပ်ထားတဲ့ ဦးဇင်းကိုယ်ပိုင်ဆိုဒ်မှာရော ကျန်တဲ့ဆိုဒ်တွေမှာရော တင်ထားတဲ့ အမေးအဖြေတွေကို မြန်မာပြည်ပြန်စဉ် စိတ်ဝင်စားတဲ့လူတွေက စာအုပ်ထုပ်ဝေကြပါတယ်။ Shade မန္တလေးထုတ်ဂျာနယ်ကလည်း ဦးဇင်းစာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီလို ဦးဇင်းစာတွေကို အားပေးကြတာတွေ့ရတော့ ဦးဇင်းလည်း တော်တော်လေး ပီတိဖြစ်ခဲ့ရပါတယ်လေ။ အဲဒီလိုပီတိတွေ များများစားနိုင်ဖို့အတွက် ဒေါက်တာဘွဲ့တက်ရင်း ဆက်လက်ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုလျက်…………..။


အရှင်ကောမလ (ခ) ဆန်နီနေမင်း
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (Sri lanka)

ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း



လူအမည် = သိဒ္ဓတ္ထ

ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ

မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)

မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား

နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)

အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး

အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်

ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ

သားတော် = ရာဟုလာ

နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)

တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)

ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)

ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)

တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)

ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)

ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။



ဗုဒ္ဓ

ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

၁။ သမ္မာသမ္ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။



သမ္မာသမ္ဗုဒ္ဓ ဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။



ပစ္စေကဗုဒ္ဓ ဆိုတာ  နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။



ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာဝင်များအတွက်ပါ ဆု့းမစာလေးပါ

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာ ၀န်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာ
ဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

အရှင်ဆန္ဒာဓိက

http://grou.ps/naymin/home



လူပီသခဲ့ကြသူများ.


ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။

ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

(၁) ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်(၄)မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား(၃)စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။

(၂) မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။

(၃) မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။

(၄) အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၅) ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

(၆) မြေတိုင်းအမတ် (အရှင်မဟာကစ္စည်းလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းက တစ်နေ့မှာ မြေအပိုင်းအခြား ငုတ်ရိုက်တဲ့အခါ ပုစွန်တွင်းပေါ် တည့်တည့်ကျနေပါတယ်တဲ့။ အဲဒီ့တွင်းကိုရှောင်ပြီး ဒီဘက်နှုတ်ခမ်းမှာ ငုတ်ရိုက်ရင် မင်းကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဟိုဘက်နှုတ်ခမ်းမှာ ရိုက်ပြန်ရင်လည်း လယ်သူကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဒါနဲ့ တွင်းအခြေအနေကို အကဲခတ်ကြည့်၊ တွင်းထဲ ပုစွန်မရှိလောက်ဘူးထင်ပြီး တွင်းတည့်တည့်ကို ငုတ်ရိုက်လိုက်ပါတယ်တဲ့။ အဲဒီ့အခါ တွင်းထဲက ပုစွန်သံကို ကြားလိုက်ရပါတယ်တဲ့။ ပုစွန်များ သေသွားသလားလို့ သူ့သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ အဲဒီ့အခါ တမန်တို့ကလည်း စေတနာ မပါတဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ မြေတိုင်းစာရေးကလည်း ရထားထိန်းထံ ညွှန်လိုက်ပြန်ပါတယ်။

(၇) ရထားထိန်း (အရှင်အနုရုဒ္ဓါလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ညနေချမ်းအခါ မင်းကြီး ဥယျာဉ်ကစားပြီးလို့ ရထားစီးပြန်လာနေတုန်း မြို့ကိုမရောက်မီမှာပဲ မိုးသားများ တက်လာတာနဲ့ မင်းကြီး မိုးစိုမှာစိုးလို့ သိန္ဓောမြင်းတွေကို နှင်တံအမှတ် ပေးမိပါတယ်တဲ့။ အဲဒီ့အမှတ်နဲ့ သိန္ဓောမြင်းတွေလည်း လျင်စွာပြေးကြပါတယ်တဲ့။ အဲဒီအချိန်ကစပြီး သိန္ဓောမြင်းတွေဟာ ဥယျာဉ် သွားရင်ပဲဖြစ်ဖြစ်၊ ပြန်လာရင်ပဲဖြစ်ဖြစ် နှင်တံအမှတ်ပေးခဲ့ဖူးတဲ့ အဲဒီ့နေရာရောက်တိုင်း ဘေးရန်ရှိတယ်ထင်ပြီး အမြန်ပြေးကုန်ကြပါတယ်တဲ့။ အလွန်လိမ္မာတဲ့ သိန္ဓောမြင်းတွေကို ပင်ပန်းအောင် လုပ်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်ရပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ပင်ပန်းစေလိုတဲ့ စေတနာမရှိတဲ့အတွက် အပြစ်မရှိနိုင်ပါလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ ရထားထိန်းကလည်း သူဋ္ဌေးကြီးထံ ညွှန်လိုက်ပြန်ပါတယ်။

(၈) သူဋ္ဌေးကြီး (အရှင်သာရိပုတြာလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ တစ်နေ့မှာ သလေးစပါးခင်းများကို လှည့်လည်ကြည့်ရှုရင်း သလေးနှံတစ်ဆုပ်ကို ပန်းအဖြစ် ခူးပန်မိပါတယ်တဲ့။ အဲဒီ့နောက်မှ မင်းထံ အခွန်မဆက်ရသေးတဲ့ လယ်ထဲက သလေးနှံကို ယူမိပြီဆိုပြီး မိမိသီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ တမန်တို့ကလည်း ခိုးလိုသောစိတ် မရှိလို့ အပြစ်မရှိနိုင်ပါဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ သူဋ္ဌေးကြီးကလည်း စာရင်းကိုင်အမတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၉) စာရင်းကိုင်အမတ် (အရှင်မောဂ္ဂလာန်လောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကောက်စပါးတွေကို ခြင်တွယ်မှတ်သားနေတုန်း မိုးသည်းထန်စွာ ရွာလာတဲ့အတွက် ခြင်လက်စ ကောက်စပါးကို ခြင်ပြီးတဲ့ ကောက်စပါးပုံထဲ ထည့်မိလား၊ မထည့်မိလား မမှတ်မိတော့ပါဘူးတဲ့။ ထည့်မိရင် မင်းကြီးရဲ့ဥစ္စာကို တိုးပွားစေပြီး သူကြွယ်ရဲ့ဥစ္စာကို ယုတ်လျော့စေရာ ရောက်ပါမယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ သီလကို သံသယရှိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း သူတစ်ပါး ဥစ္စာကို ခိုးလိုတဲ့စိတ်မှ မရှိဘဲလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ အမတ်ကလည်း တံခါးဗိုလ် (တံခါးစောင့်)ကို ထပ်ညွှန်လိုက်ပြန်ပါတယ်။

(၁ဝ) တံခါးဗိုလ် (အရှင်ပုဏ္ဏလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူဆင်းရဲတစ်ယောက်ဟာ နှစ်မငယ်ကို ခေါ်ပြီး တောထဲကို ထင်း၊ ဟင်းရွက်ရှာ သွားပါတယ်တဲ့။ တံခါးဗိုလ်က ညနေချမ်း မြို့တံခါး ပိတ်ခါနီးတိုင်း (၃)ကြိမ် ကြွေးကြော်လေ့ရှိပါတယ်တဲ့။ အဲဒီ့ကြွေးကြော်သံ ကြားတဲ့အတွက် မောင်နှမနှစ်ယောက်လည်း အမြန်ပြန်လာခဲ့ကြပါတယ်။ တံခါးဗိုလ်ဟာ တံခါးပိတ်ခါနီး နောက်ကျမှ ရောက်လာတဲ့အတွက် ကာမဂုဏ် လွန်ကျူးရာမှ ပြန်လာတဲ့အတွက် မောင်နှမကို လင်မယားထင်ပြီး ပြစ်တင်စကား ပြောကြားမိပါတယ်တဲ့။ သူဆင်းရဲက ရှင်းပြမှ မောင်နှမမှန်း သိရပါတယ်တဲ့။ အဲဒီ့လို ပြောဆိုမိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ဒီမျှလောက်နဲ့တော့ သီလမပျက်နိုင်ပါဘူးလို့ဆိုပြီး သီလကို တောင်းခံ မှတ်ယူကြပါတယ်။ တံခါးဗိုလ်ကလည်း ပြည့်တန်ဆာမကို ထပ်ညွှန်ပြန်ပါတယ်။

(၁၁) ပြည့်တန်ဆာမ (ဥပ္ပလဝဏ်ထေရီလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက တစ်နေ့မှာ ပြည့်တန်ဆာမရဲ့ သီလကို စုံစမ်းဖို့ သိကြားမင်းက လုလင်ပျိုယောင်ဆောင်လာ၊ အသပြာတစ်ထောင်ပေးပြီး နတ်ပြည်ကို ပြန်သွားပါတယ်တဲ့။ အဲဒီ့အသပြာကို လက်ခံပြီးဖြစ်လို့ အခြားသူတွေကို လက်မခံပါဘူးတဲ့။ သိကြားမင်းကတော့ ပေါ်မလာပါဘူး။ (၃)နှစ်စောင့်တဲ့အထိ ပေါ်မလာတဲ့အခါ ပြည့်တန်ဆာမမှာလည်း စားဝတ်နေရေး အခက်ကြုံလာတဲ့အတွက် တရားသူကြီးများထံ အဆုံးအဖြတ်သွားခံပါတယ်တဲ့။ တရားသူကြီးများကလည်း (၃)နှစ်ကြာနေပြီဖြစ်လို့ တခြားသူတွေကို လက်ခံနိုင်ပါပြီလို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ အဲဒီ့ဆုံးဖြတ်ချက်အရ ယောက်ျားတစ်ယောက်ထံမှ အသပြာ တစ်ထောင်ကို လက်ခံဖို့ လက်ကို ဆန့်လိုက်တဲ့အချိန်မှာပဲ သိကြားမင်းကလည်း လုလင်အသွင်နဲ့ ပေါ်လာပါတယ်တဲ့။ ဒါနဲ့ ပြည့်တန်ဆာမလည်း ဆန့်မိတဲ့လက်ကို ရုပ်သိမ်းပြီး နောက်လူကို ငြင်းပယ်လိုက်ပါတယ်တဲ့။ သိကြားမင်းလည်း သိကြားမင်းရဲ့ အသွင်ကိုပြ၊ ကောင်းကင်ကို ပျံတက်ပြီး ချီးမွမ်းစကား ဆိုပါတယ်တဲ့။ ပြည့်တန်ဆာမရဲ့ အိမ်ကိုလည်း ရတနာ (၇)ပါးနဲ့ ပြည့်စေပြီး မမေ့မလျော့ဖို့ ဆုံးမပြီး ပြန်သွားပါတယ်တဲ့။ ရှေ့လူပေးထားတဲ့ အဖိုးအခ မကြေသေးဘဲ နောက်လူရဲ့ငွေကို ယူဖို့ လက်ဆန့်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယ ရှိမိပါတယ်လို့ ပြည့်တန်ဆာမက ဆိုပါတယ်။ တမန်တို့ကလည်း လက်ဆန့်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။

ဒီလို (၁၁)ဦးသောပုဂ္ဂိုလ်တို့ စောင့်ထိန်းတဲ့ ဂရုဓမ္မသီလ ခေါ် ငါးပါးသီလကို ကာလိင်္ဂမင်းထံ ဆက်သကြပါတယ်။ မင်းကြီးလည်း အတုယူ အားကျပြီး ဂရုဓမ္မသီလကို ကောင်းစွာ စောင့်ထိန်းလိုက်တဲ့အခါ မိုးကောင်းစွာရွာပြီး ဘေး(၃)ပါးလည်း ငြိမ်းသွားပါတယ်။ ဘုရားလောင်း ဓနဉ္စယကောရဗျမင်းလည်း ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေပြုပြီး သေလွန်တဲ့အခါ ပရိသတ်နဲ့တကွ နတ်ပြည်မှာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုကြည့်ရင် ရှေးသူတော်ကောင်းတွေ သီလအပေါ် အလေးထားပုံနဲ့ မိမိတို့ရဲ့ သီလအပေါ် အလေးထားပုံ ဘယ်လောက်တောင် ခြားနားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ မိမိတို့က ငါးပါးသီလကိုတောင် အလေးအနက် မဆောက်တည်နိုင်ကြလို့ ဘာအကျိုးမှ သိသိသာသာ မရကြတာပါ။ တစ်ပါးပဲ ထိထိမိမိ စောင့်တဲ့ပုဂ္ဂိုလ်တောင် တစ်ပါးရဲ့အကျိုးကို ထိုက်ထိုက်တန်တန် ခံစားသွားရတာကို ဆရာကြီး ဦးသုခကလည်း "တစ်ပါးသီလ" ဆိုပြီး မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ တစ်ပါးမက ငါးပါးလုံး လုံမယ်ဆိုရင်တော့ သိက္ခာရှိတဲ့လူအဖြစ်နဲ့ လိပ်ပြာသန့်သန့် နေနိုင်ပြီပေါ့။ လောကမှာ ကိုယ့်ကို ဂုဏ်တက်စေတဲ့ ပစ္စည်းဆိုရင် မြတ်မြတ်နိုးနိုး တယုတယ သေချာစောင့်ရှောက်သလိုမျိုး မိမိတို့ကို လူပီသ လူဂုဏ်တက်စေတဲ့ ငါးပါးသီလကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချို့ယွင်းချက်မရှိအောင် စောင့်ရှောက်သင့်ပါတယ်။

လူပီသခဲ့ကြသူများ...
Dhamma Yanant

ဗုဒ္ဓ၏ အဆုံးအမတော်များ- မှန်သောတရားကို မစွန့်ရာ



      ပညာရှိမည်သည် မိမိအတွက်ဖြစ်စေ၊ သူ တစ်ပါးအတွက်ဖြစ်စေ မကောင်းမှုကိုမပြု။ ယုတ်မာ သောအကျင့်ဖြင့် သားသမီး ပစ္စည်းဥစ္စာ တိုင်းပြည် စည်းစိမ်ကို အလိုမရှိရာ။         မတရားသဖြင့် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကို အလိုမရှိရာ။ သီလ ရှိသောသူ၊ ပညာရှိသောသူ၊ တရားရှိသောသူဖြစ်ရာ၏။           
                                                                               (ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်)

    ပညာရှိတို့မည်သည် မိမိချမ်းသာရေးဟူသော အကြောင်းကြောင့် ယုတ်မာသောအမှုကို မပြုကြပေ။ သူတော်ကောင်းတို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့သော  ကြောင့်ဖြစ်စေ၊ နှိပ်စက်ညှဉ်းဆဲခံရ သောကြောင့်ဖြစ် စေ၊ ချစ်သောကြောင့်ဖြစ်စေ၊ အမျက်ရန်ငြိုးကြောင့် ဖြစ်စေ မှန်ကန်သော တရားကို မစွန့်ကြချေ။
(ဇာတက၊ သရဘင်္ဂဇာတ် ၅၂၂)
    လူသားသည် လူ့အဖွဲ့အစည်းအတွင်း ကျင် လည်နေထိုင်သော လူ့အဖွဲ့အစည်းဝင်တစ်ဦးဖြစ်ပါ သည်။ လူ့အဖွဲ့အစည်းကြီးက လူတစ်ဦးချင်းစီကို လုံခြုံ နွေးထွေးမှုပေးသကဲ့သို့ လူတစ်ဦးချင်း စီကလည်း အဖွဲ့ အစည်းဝင်တစ်ဦးအနေဖြင့် လူ့အဖွဲ့အစည်းကြီး ငြိမ်း ချမ်းသာယာစေရန် ဆောင်ရွက်ဖို့ တာဝန်ရှိပါသည်။ လူ့အဖွဲ့အစည်းတစ်ခု တည်ငြိမ်သာယာရေးမှာ ထိုအဖွဲ့ အစည်းတွင် အမှန်တရား ထွန်းကားဖို့လိုပါသည်။ သမုတိသစ္စာပန်းများ ပွင့်လန်းဝေဆာဖို့ လိုပါသည်။ အမှန်တရားထွန်းကားမှသာ လူ့အဖွဲ့အစည်းကြီး၌ တရား မျှတမှုရှိလာပါလိမ့်မည်။ တရားမျှတမှု ထွန်းကားမှသာ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှုကို တည်ဆောက် ၍ ရနိုင်ပါသည်။ စည်းလုံးညီညွတ်မှုသည် လူ့အဖွဲ့ အစည်းကြီး သာယာဝပြောရေးအတွက် အခြေခံအကျ ဆုံးနှင့် အရေးအကြီးဆုံးလည်းဖြစ်ပါ၏။
    လူတစ်ဦးချင်းစီက အမှန်တရားကို သိတတ်  မြတ်နိုးတတ်မည်၊ အမှန်တရားကို ကိုယ်တိုင်ကျင့်သုံး မည်။ အမှန်တရားကို ဖြန့်ဝေမည်၊ အမှန်တရားဘက်က ကာကွယ်မည်ဆိုလျှင် လူ့အဖွဲ့အစည်းကို စောင့်ရှောက် ရာရောက်ပါ၏။ ထိန်းသိမ်းရာ ရောက်ပါ၏။ သစ္စာရှိ ရာ ရောက်ပါ၏။ အမှန်တရားကို မသိတတ်၊  မမြတ်နိုး တတ်၊ ကိုယ်တိုင်လည်း မကျင့်သုံး၊ အမှန်တရားဘက် က ရပ်တည်ခြင်းလည်းမရှိလျှင် လူ့အဖွဲ့အစည်းအပေါ် သစ္စာမဲ့ခြင်းဖြစ်ပါ၏။ တာဝန်မဲ့ခြင်းဖြစ်ပါ၏။
    လူတို့သည် မိမိနှင့် မိသားစု၏ ဘ၀ရပ်တည်  ရေးအတွက် စီးပွားဥစ္စာရှာဖွေကြရပါသည်။ ငွေကြေး ရှာဖွေမှုသည် သက်ရှင်တည်မြဲရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသော လုပ်ငန်း ဆောင်တာတစ်ရပ်ဖြစ်ပါ သည်။ သို့တစေ ယင်းသို့ငွေကြေးရှာဖွေရာ၌ တရားမျှ တသော နည်းလမ်းဖြင့်သာ ရှာဖွေဖို့လိုပါသည်။ ဘယ် သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ဖြင့် မသမာ သော၊ မတရားသော နည်းလမ်းများဖြင့်မူ ရှာဖွေမှု မပြုအပ်ပါ။ မိစ္ဆာအာဇီဝနည်းဖြင့် မိမိ၏အတ္တ အကျိုးစီးပွားကို မထူထောင်အပ်ပါ။ မိမိ၏ ငွေကြေးရှာဖွေမှုနည်းလမ်းသည် အခြားသူတစ် ဦးဦး၏ အကျိုးစီးပွား၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီး ပွားကို ထိခိုက်စေခြင်း မဖြစ်သင့်ပါ။ အချို့သူတို့သည် ငွေရလျှင်ပြီးရော ငွေရရေးသာ အဓိက၊ နည်းလမ်း သည် သာမညဟုခံယူလျက် မိစ္ဆာအာဇီဝလား၊ သမ္မာ အာဇီဝလားဟု စိစစ်ခြင်းကင်းလျက် ငွေကြေးဥစ္စာ ကို ရသည့်နည်းလမ်းဖြင့်ရှာ၏။ ယင်းသို့ မိစ္ဆာအာဇီဝ မှုဖြင့် စီးပွားဖြစ်ထွန်းလာမှုအပေါ် ရှက်ရကောင်း မှန်းမသိသည့်အပြင် ဂုဏ်ပင်ယူ တတ်ကြ၏။ ထိုသူမျိုးအတွက် တောင်တန်းသာ သနာပြုဆရာတော်ကြီး အရှင် ဥတ္တမသာရ၏ အဆုံးအမတော် မှာ များစွာမှတ်သားဖွယ်ကောင်း လှပါ၏။
    ''ကျုပ်တို့ကတော့ ချမ်းသာချင် လို့ ငွေရပေါက်ရှာနေတာဗျို့တဲ့။ များ စွာသော လူတို့ပါးစပ်က ဤသို့ ပြော တတ်ကြသည်။ ထိုစကားသည် အမှိုက်ကဲ့သို့ ပေါ့ပေါ့သုံးသော စကားဖြစ်သည်။ ငွေရလျှင် ပြီးရောဟု တရားသေ တွက်ဆထားသူသည် နှလုံးသွင်းမှားနေသူဖြစ်သည်။ ဘယ်သောအခါမှ မြင့်မြတ်သောချမ်းသာမှုမျိုး ရောက် လာမည်မဟုတ်။ အထက်တန်းစား ဘ၀ရောက်နေ သူပင် အောက်တန်းကျသွားပေမည်။ တရားသည် မတရားသည် မမှု၊ ဘာပဲဖြစ်ဖြစ် ငွေရလျှင် ပြီး စတမ်းဟု တွက်ဆသောသူသည် ဘ၀ကို ချမ်းမြေ့စွာ ကျင်လည်တတ်သူ မဟုတ်ချေ။
    တွက်ဆချက်ပေါ့ လွန်းသော လူစားမျိုး၏ နှလုံးသွင်းမှုသည် ပတ်ဝန်းကျင် လူများအတွက် ကြောက်မက်ဖွယ်ရာ ဖြစ်၏။ ကြမ်းကြုတ်သော ဒုစရိုက် ကိုလုပ်ရမည်ဟူသောရောထွေး မှုကြီးဆီသို့ ရှေးရှုနေခြင်း သက်ရောက်သည်''
      အချို့သူတို့သည် တည်ကြည်ခိုင်မာသော ကိုယ်ကျင့်သိက္ခာမရှိ။ မိမိ အကျိုးစီးပွားဖြစ်ထွန်း မည်ဆိုလျှင် မည်သူ၏ မျက်နှာကိုမှ မထောက်ထား၊ မည် သူ့ကိုမှ ညှာတာစာနာ ခြင်းမရှိ၊ အမှန်တရားကို မူးတင်း ပဲတင်းလုပ်တတ်၏။ အမှန်တရားကို မျက်နှာလွှဲ၏။ အမှန်တရားကို ချောင်ထိုးတတ်၏။ အမှန်တရားနှင့် မသမာမှုဖြင့်ရသော ငွေကြေးဥစ္စာကို အလဲအလှယ် ပြုသူများသည် လူ့အဖွဲ့အစည်းအတွက် အဆိပ်အဆူး များသာဖြစ်သည်။ မတရားမှုဖြင့် ငွေကြေးရှာဖွေမှုမပြုသင့်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး က ဤသို့ဆုံးမ တော်မူခဲ့ပါ၏။
    ''ဘုန်းကြီးက ဘုန်းကြီးအတွက်ဆိုလျှင် ငတ် နေပါစေ ငတ်ပြီးတော့ အသေခံသွားမယ်။ မတရား မလုပ်ပါဘူး။ မတရားညာပြီးတော့ မလုပ်ပါဘူး။ ဘုန်း ကြီးရဲ့ ဒကာဒကာမတွေ စီးပွားလျော့ သွားစမ်းပါစေ။ သူများအထင်သေးပါစေ။ မတရားဆိုတဲ့ကိစ္စနဲ့ဖြင့် အဲအဲ စက္ကူလေးတစ်ချပ်မျှ ကျပ်တန်လေးတစ်ချပ်မျှ မပါကြပါစေနဲ့။ ငါ့ရဲ့ပိုက်ဆံအိတ်ထဲမှာ တစ်ကျပ်မျှ မပါစေနဲ့။ အားလုံးတရားသဖြင့် ရတဲ့ပစ္စည်းချည်းဖြစ် စေရမယ်လို့ အဲဒီလိုများ အဓိဋ္ဌာန်ထားဖို့ သိပ်ကောင်း တာပဲ။ သိပ်ကောင်းတာပဲ''
    အမှန်စင်စစ် ကိုယ်ကျင့်သိက္ခာနှင့် ငွေကြေး ဥစ္စာကို အလဲအလှယ်လုပ်ခြင်းသည် နံ့သာဆီနှင့် ရွှံ့နှစ်  ရည်ကို အလဲအလှယ်လုပ်ခြင်းနှင့် ပမာတူပါ၏။ ကိုယ် ကျင့်သိက္ခာဟူသည် ကိုယ်ပိုင်ဥစ္စာ စစ်စစ်ဖြစ်ပါ၏။ တစ်ဘ၀တာနှင့်သာဆိုင်သော ကိုယ်ပိုင်ဥစ္စာမဟုတ်ပါ။ သံသရာနှင့်ဆိုင်သော ကိုယ်ပိုင်ဥစ္စာဖြစ်ပါသည်။ ဘ၀ ဆက်တိုင်း အတွင်းအနှစ် အစစ်အမှန်တန်ဖိုးနှင့် လိုက် ပါနေမည့် ကိုယ်ပိုင်ရတနာဟု ဆိုနိုင်ပါ၏။
    ငွေကြေးဥစ္စာတို့မည်သည် မိမိပိုင်ဆိုင်ခွင့် ရသည်မှာ သည်ပစ္စုပ္ပန်ဘ၀တာမျှသာဖြစ်ပါ၏။ ကံ မကောင်း အကြောင်းမလှလျှင် တခဏနှင့် ကုန်ခန်း တတ်၏။ ပျက်စီးဆုံးရှုံးတတ်၏။ ယင်းသို့ မဆုံးရှုံးသည့် တိုင် ဘ၀နိဂုံးကမ္ပတ် အဆုံးသတ်သောအခါ ယင်း ပစ္စည်းဥစ္စာတို့ကို ထားခဲ့ချန်ခဲ့ စွန့်ခွာခဲ့ရသည်သာ။ မည်သူမျှ တမလွန်သို့တိုင် သယ်ဆောင်သွား၍ မရနိုင်။   မသမာသော မတရားသော အဂတိလိုက်စားသော မိစ္ဆာနည်းလမ်းမျိုးစုံဖြင့် ရှာဖွေရရှိထားသော ပစ္စည်း ဥစ္စာဟူသမျှ သည်ဘ၀မှာ ထားချန်စွန့်ခွာခဲ့ရသော် လည်း ယင်းပစ္စည်းဥစ္စာရဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့ရ သော ''အကုသိုလ်ကံ''ကမူ ကိုယ်ပိုင်ဥစ္စာအဖြစ် တမ လွန်သို့တိုင် လိုက်ပါအကျိုးပေးပေလိမ့်မည်။
    မိစ္ဆာအာဇီဝမှုဖြင့် ရှာဖွေရရှိထားသော ဥစ္စာပစ္စည်းများဖြင့် အလှူဒါနပြုခြင်းနှင့် သမ္မာအာဇီဝ မှုဖြင့် ရှာဖွေရရှိထားသော ဥစ္စာပစ္စည်းဖြင့် အလှူဒါန ပြုခြင်းနှစ်မျိုး မည်သို့ခြားနားကြောင်း၊ ကျေးဇူးရှင် မာန်လည်ဆရာတော်ကြီးက ဤသို့နှိုင်းယှဉ်ရေးသား တော်မူခဲ့ပါ၏။

    ''အဓမ္မဖြင့် ရသည့်ဥစ္စာ၊ ထောင်သပြာကို လှူပါသောသူ တစ်သိန်းလှူ၏။ အလှူတို့အား တရား ညီမျှ နည်းငယ်ပြုသည့် ထိုသူ့ဒါန၊ တစ်ခုမျှကို ပုံချ တွက်ဘွဲ့စံနှိုင်းရှဲ့သော် တစ်ဆယ့်ခြောက်စိတ်၊ ခွဲဝေ စိတ်၍ တစ်စိတ်ကိုမျှမမီစွ''
                                                                                                             (မာဃဒေ၀)

    အချို့သော သူတို့သည် ၀ိသမလောဘမကြီး မား။ ပုံမှန်အခြေအနေ ပုံမှန်အနေအထားတွင် မတရားမှု မသမာမှုများဖြင့် ငွေကြေးဥစ္စာ မရှာဖွေ၊  သို့တစေ ဘ၀တွင် ငွေကြေးဆိုင်ရာ ကြီးကြီးမားမား အခက်အခဲနှင့် ကြုံဆုံသောအခါ ယင်းအခက်အခဲပြေ လည်စိမ့်သောငှာ ဘ၀တစ်လျှောက်လုံး ထိန်းသိမ်းခဲ့ သော ကိုယ်ကျင့်သိက္ခာကို မငဲ့ကွက်တတ်တော့ပေ။ အမှန်တရားကိုလည်း လျစ်လျူရှုချေတော့၏။ အဂတိ တရားလေးပါးတွင် ပျော်ဝင်နစ်မွန်းလေတော့၏။ စင် စစ် ဤသို့အခက်အခဲပြဿနာတစ်စုံတစ်ရာနှင့် ပက် ပင်းရင်ဆိုင်ရစဉ် မိမိ၏ ကိုယ်ကျင့်သိက္ခာကို ထိပါး ပွန်းပဲ့စေခြင်း၊ မှန်သောတရားကို စွန့်လွှတ်ခြင်းတို့မှာ လူကောင်းတို့၏ သွင်ပြင် လက္ခဏာမဟုတ်ပါချေ။ သင်္ခါရလောက၌ မည်သည့်အရာမျှ မမြဲပါ။ အခက်အခဲ ပြဿနာဟူ သည်လည်း မမြဲပါ။ ကိုယ်ကျင့်သိက္ခာ နှင့် အမှန်တရားကို အထိပါးမခံမူလျက် နည်းမှန်လမ်းမှန် ဖြင့် ဖြေရှင်းသော် အချိန်တန်သောအခါ ကြုံရသော အခက်အခဲ ပြဿနာတို့သည် ပြေငြိမ်းသွားမည်သာ ဖြစ်ပါ၏။
    သူတော်ကောင်းတို့မည်သည် အမျိုးကောင်း သားတို့မည်သည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားနှင့် မှန်သောတရားတို့ကို မစွန့် လွှတ်ကြောင်း လောကနီတိတွင် ဤသို့ရေးသားခဲ့ပါ၏။
    ''လောက၌ စန္ဒကူးပင်သည် ခြောက်သွေ့  သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင် သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့် တယ်ခြင်းကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်း တရားကို မစွန့်သာလျှင်တည်း''
    ''မြတ်သောအမျိုး၌ ဖြစ်ထသော အမျိုးနွယ် ကို စောင့်ထသော အမျိုးကောင်းသားသည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း ယုတ်မာသောအမှုကို မပြုရာ''
    ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ၊ စိတ်ဓာတ် အဆင့်အတန်း ခိုင်ခံ့မြင့်မားသူတို့အနေဖြင့် မည်သို့ သော လောကဓံနှင့် ဆုံတွေ့ရင်ဆိုင်ရစေ အမှန်တရား ကို မစွန့်လွှတ်ပေ။ သိက္ခာနှင့် ရိက္ခာကို အလဲအလှယ် မပြုပေ။ တစ်ခဏတာရိက္ခာ တစ်ဘ၀တာရိက္ခာ အတွက် 'သံသရာသိက္ခာ'ကို အထိအပါးအပွန်းအပဲ့ မခံ။ ယိမ်းယိုင်ပြိုလဲမှုအဖြစ်မခံ။ မိမိတို့၏ ကိုယ်ကျင့် သိက္ခာဆိုင်ရာ ဂုဏ်သတင်းကို ဓနငွေကြေးကြောင့် မှေးမှိန်သေးသိမ်စေခြင်းမျိုး လုံးဝအဖြစ်မခံ။
 ဂရိပညာရှိ ''မင်ဆီးယပ်စ်''က
    ''ကျွန်ုပ်သည်ဘ၀ကို တွယ်တာ၏။ ၎င်းင်းအပြင်  ကျွန်ုပ်သည် အမှန်တရားကိုလည်း မြတ်နိုး၏။ အကယ် ၍ နှစ်ခုအနက် တစ်ခုကိုသာ ရမည်ဆိုပါက ကျွန်ုပ် သည်ဘ၀ကို စွန့်လွှတ်၍ မှန်သည်ကိုသာ ပြုလုပ်မည်'' ဟု ပြောခဲ့ပါ၏။ သူ၏ အမှန်တရားကို အသက်ထက် တန်ဖိုးထားသော စိတ်ဓာတ် ကြောင့်ပင် ''လူသေသော် လည်း နာမည်မသေခဲ့ခြင်း ဖြစ်ပါ၏''
    ''မာတင်လူသာ''ကလည်း
    ''မိမိလိပ်ပြာပင် ကိုယ့်အသိနှင့် ဆန့်ကျင် ပြုမူလုပ်ဆောင်ခြင်းသည် မလုံခြုံရုံမျှမက ပညာနှင့် ယှဉ်၍ လုပ်သည်မမည်ပါ။ ကျွန်ုပ် ဒီလိုပင်ရပ်တည် ပါမည်။ ကျွန်ုပ်အမှန်တရားမှ သွေဖည်၍ အခြားနည်း လမ်းမလုပ်ဆောင်နိုင်ပါ''ဟု ပြောခဲ့ပါသည်။
    သိက္ခာကို ရိက္ခာအတွက် ရောင်းစားသူ သည် မိမိကိုယ်မိမိပင် လိပ်ပြာမလုံတော့။ ယုံကြည်မှု ကို တည်ဆောက်၍ မရနိုင်တော့။ မိမိကိုယ်တိုင်ပင် မိမိ၏ ကိုယ်ကျင့်သိက္ခာအပေါ် လိပ်ပြာမလုံ မယုံရဲတော့ ခြင်းမှာ စင်စစ်ရှင်လျက်နှင့် သေခြင်းတစ်မျိုးသာ ဖြစ်ပါ၏။ အမေရိကန်ကဗျာဆရာ 'ဂျွန်ဂရင်းလိစ်'က
    ''ယုံကြည်ကိုးစားမှု ပျောက်ကွယ်သွားပြီး ဂုဏ်သိက္ခာပါကျဆင်းသွားသည့်အခါ အကြင်သူသည် သေဆုံးသွားလေတော့သည်''ဟု ရေးခဲ့ဖူးပါသည်။
    အမှန်တရားကို စွန့်သောသူသည် အမှန် တရား၏ စွန့်ပစ်ခြင်းကိုခံရမည်။ အမှန်တရား၏ စွန့် ပစ်ခြင်းခံရသောဘ၀သည် အကျည်းတန်ပေလိမ့်မည်။ အမှန်တရားကို စောင့်ရှောက်သောသူသည် အမှန်တရား ၏ စောင့်ရှောက်ခြင်းကို ခံရပေလိမ့်မည်။ အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း မတရားသဖြင့် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကို မရှာဖွေသူများ၊ မိမိချမ်း သာရေးဟူသော အကြောင်းကြောင့် မှန်ကန် သောတရားကိုမစွန့်သူများ ပေါများလာလျှင် ဤကမ္ဘာ လောကသည် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာ လှပခြင်းများဖြင့် ကျက်သရေမင်္ဂလာအပေါင်းခ ညောင်း ပြည့်စုံလာပေလိမ့်မည်။       ။

                                                              စောလားပွယ်မှ ပြန်လည်ကြည်ညိုပူဇော်ပါသည်

"ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တန်ဖိုးရှိသောသြ၀ါဒများ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊

၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊

၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။

၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။

၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။

၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။

၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။

၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊

၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊

၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊

၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊

၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊

၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊

၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊

၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ


ဆန်နီနေမင်း အမေးအဖြေ အသက်ကြီးသူများကို ဘာ့ကြောင့် ရှိခိုးရပါသလဲ

အရှင်ဘုရား မိမိထက် အသက်ကြီးသူများကို ဘာ့ကြောင့်ရှိခိုး ဦးချရိုသေရသလဲဆိုတာကို သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင် ဖြေပေးစေချင်ပါတယ်ဘုရား။ တပည့်တော်တို့ နိုင်ငံခြားမှာ တစ်ခြား ဘာသာဝင်များမေးတော့ မဖြေနိုင်ဘူးဖြစ်နေတယ်ဘုရား။ အဲဒါလေးကို တပည့်တော်တို့အား သနားသောအားဖြင့်လည်းကောင်း၊ မိမိတို့ ဘာသာဝင်များ တက်သိနားလည်အောင်လည်းကောင်း ဖြေကြားပေးစေချင်ပါတယ်ဘုရား။

အင်း။ တကယ်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒါတွေဟာ သိနိုင်ပါတယ်။ ဦးဇင်း စဉ်းစားမိသလောက် စာပေမှတ်သားမိသလောက် ပြောပြရေးပြရမယ်ဆိုရင် မိမိတို့ထက် အသက်ကြီးသူများသည် မိမိတို့ထက် ကုသိုလ်ကံကောင်းလို့ သူတို့ကအရင် လူ့လောကကို ရောက်လာကြတာပါ။

နောက်ပြီး သူတို့ဟာ လူ့လောကကို မိမိထက်အရင် ရောက်လာကြတဲ့အတွက် မိမိတို့ထက် ဗဟုသုတကြွယ်ဝမှုလည်းရှိကြပါတယ်။ မိမိတို့ကိုလည်း ထိုက်သည်အားလျော်စွာ ပြောဆိုဆုံးမသွန်သင် လမ်းညွှန်ပေးကြပါတယ်။ အဲဒီလို ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံနေတဲ့အပြင် မိမိတို့ထက်လည်း သီလစောင့်ထိန်းတဲ့ပုဂ္ဂိုလ်ဆို
ရင် မိမိတို့ထက် သီလပိုများပါတယ်။ ဒါနလုပ်တဲ့လူဆိုရင်လည်း ဒါနကုသိုလ်ပိုများပါတယ်။ တရားအားထုတ်တဲ့လူဆိုရင်လည်း မိမိတို့ထက် တရားသိတာ ပိုများပါတယ်။

အဲဒါကြောင့်လည်း လူ့လောကမှာသာ မဟုတ်ဘဲ ရဟန်းသံဃာလောကမှာပါ မြတ်စွာဘုရားရှင်က မိမိတို့ထက် သိက္ခာကြီးသူများကို ရိုသေလေးစား ရှိခိုးကြဖို့ မိန့်တော်မူခဲ့တာပါ။ ဒါ့ကြောင့် မိမိတို့က ကိုယ့်ထက်ကြီးသူများကို ရိုသေလေးစားရပါမယ်။ ထိုသို့ ရိုသေလေးစား ရှိခိုးတဲ့အခါမှာလည်း ထိုကျေးဇူးဂုဏ်များကို အာရုံပြုပေးမယ်ဆိုလျှင် မိမိမှာ တန်ဖိုးမဖြတ်နိုင်သော အကျိုးတရားများ ရရှိမည့်အပြင် လူကောင်းတစ်ယောက်လို့လည်း ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်းကို ခံရပါလိမ့်မယ်။

ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်နော်။ အားလုံး ဗဟုသုတအသိဉာဏ်များ တိုးပွား၍ လိုက်နာကျင့်သုံးပြုမှုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………….။

အရှင်ကောမလ (ခ) ဆန်နီနေမင်း
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (Sri lanka)

အတ္တ နဲ့ ပရ

သူသူငါငါ လူသားတိုင်း၏စိတ်သည် အတ္တကိုအခြေခံကြသဖြင့် ကိုယ့်အတွက်သာ
ကြည့်တတ်စမြဲဖြစ်သည်..

ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ငါ့အတွက် ငါ့မိသားစုအတွက်သာ ကြည့်တတ်ကြဦးစားပေးတတ်
ကြလေသည်..သို့ သော် သက်ရှိသတ္တ၀ါများအားလုံးတွင် လူသားများသာလျှင် လူအချင်းချင်း
နားလည်စာနာသောစိတ်၊ကိုယ်ချင်းစာစိတ် ၊ သနားဂရုဏာစိတ်များရှိတတ်ကြပြန်ရာ
၎င်းကောင်းမွန်သော စိတ်ဓါတ်တို့ သည်အရေးကြုံလာပါက နေ့ စဉ်းလွှမ်းမိုးနေသော
အတ္တများကြားမှ ထွက်ပေါ်လာတတ်ကြပြန်သည်...

ထို့ ကြောင့်သာလျှင် အတ္တနှင့်ဆန့် ကျင်သည့် ပရဟိတလုပ်ငန်းများကို
လူသားအချင်းချင်းပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်...
ပရဟိတလုပ်ငန်းများဆောင်ရွက်ကြရာဝယ် အများအတွက်အနစ်နာခံရွေ့ 
ကိုယ်ကျိုးစီးပွားစွန့် လွှတ်တတ်သော ၊လူအများကောင်းစားရေးအတွက် မိမိ၏
ဘ၀ကိုစတေးရဲသော အများအကျိုးအတွက် မိမိအသက်အိုးအိမ်စည်းစိမ်ကိုပါ
စွန့် လွှတ်ဝံ့သော စိတ်ဓါတ်များသည် လူသားများအတွက်ချီးကျူးဂုဏ်ပြုထိုက်သော
အနှိုင်းမဲ့ ဂုဏ်ဒြပ်များပင်ဖြစ်သည်..

လူ့ဘောင်လောကတွေင် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်တတ်သော
အတ္တကြီးသည့် လူတစ်ဦး ၊မိသားစု ၊ အတ္တကြီးသည့်
ရပ်ရွာတိုင်ပြည်များသည် တနပ်စာနှင့် တဘ၀စာမျှသာဖြစ်သည်..
နီးစပ်ရာပါတ်ဝန်းကျင်သို့ လဲ တောမီသဖွယ် ပျံနှံ ၊ ငရဲတမျှလဲပူလောင်လှ၏...
ထို့ ကြောင့်လူသားအားလုံး '' ငါ့အတွက် ငါ့မိသားစုအတွက် " ဟူသောအတ္တတွေကြားမှာ
နစ်မြုပ်မနေကြဘဲလဲနေသူကိုထူပေးဖို့ အားငယ်သူကိုအားပေးဖို့  ၊ အစားအသောက်
အ၀တ်အစားငတ်မွတ်နေသူတွေကိုကိုယ်တတ်စွမ်းသလောက် ဝေမျှပေးဖို့ အတွက်
အတ္တနဲ့ ပရမျှတသော လူတစ်ယောက် ၊ မိသားတစ်စု ၊တိုင်းပြည်တစ်ပြည်ဖြစ်ဖို
့ ကြိုးစားရန်မှာလူသားအားလုံးတွင် တာဝန်ရှိပါသည်.....
(Post by လုံးလုံး) 
http://slip-meepyatite.blogspot.com/

0 comments:

Post a Comment