
အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင် ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။
အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။
"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။
လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။
Planet Myanmar Network
0 comments:
Post a Comment