အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday, 12 September 2012

လိင်မှုပွေတဲ့င်္ခြသေ့မြို့တော်

 

မကြာသေးမီလများအတွင်း လူသိရှင်ကြား မကောင်းသတင်းတွေ ဟာ အံ့သြလောက်စရာ အရေအတွက်နဲ့ စင်္ကာပူသတင်းစာ ခေါင်းကြီး ပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။ ထိပ်တန်းအစိုးရ ဝန်ထမ်းတွေ၊ အတိုက်အခံ ပါလီမန်အမတ်တစ်ဦး၊ အထက်တန်း ဘဏ်အကြီးအကဲတစ်ဦး၊ ကျောင်း အုပ်ကြီးတစ်ဦး စတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေပါ ဒီဖြစ်ရပ်တွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လိင်ကိစ္စ အညှီအပုပ်သတင်းတွေဟာ တချိန်က သတိရှိရှိ ဆင်ခြင် ပြုမူလေ့ရှိတဲ့ မြို့တော်ကို ဗိုင်းရပ်စ်ပိုးလို တိုက်ခိုက်ခဲ့တာပါ။ အခုတော့ ဒီပြဿနာက စင်္ကာပူရဲ့ ကွန်ဆာဗေးတစ်ဗ် ဖခင်ကြီးတွေကိုပါ ခေါင်းခဲစေ ခဲ့ပါပြီ။

ခုဆိုရင် အနားယူတာ တစ်နှစ်ခန့်ကြာခဲ့ပြီး ပါလီမန်အဖွဲ့ဝင် အဖြစ်နဲ့ ဒီတူရူချက်တွေကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ လီဟာ သူ့ရဲ့ ကြိုးပမ်းမှုတွေ တဖြည်းဖြည်း အရာမထင် ဖြစ်လာတာကို မြင်နေရပါတယ်။

ဆိုခဲ့ပါဖြစ်ရပ်တွေထဲက ဆယ်ကျော်သက် မိန်းကလေးတွေဟာ ကြေးမြင့်ပြည့်တန်ဆာ လုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြပါတယ်။ တချို့ ဆိုရင် အင်တာနက်ကိုသုံးပြီး သူတို့ရဲ့ပစ္စည်းတွေကို ကြော်ငြာကြ၊ chat rooms တွေကနေ လုပ်ငန်းကိစ္စကို ပြောကြတာပါ။

ဒစ်ဂျစ်တယ်ကမ္ဘာက သမရိုးကျပြည့်တန်ဆာလုပ်ငန်းကို နောက် ကောက်ချကာ မိန်းကလေးတွေက အွန်လိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး ဖောက်သည်တွေနဲ့ တိုက်ရိုက် ဆက်သွယ်လုပ်ကိုင်နေပါတယ်။

စင်္ကာပူမှာ အမျိုးသမီးတွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ခွင့် ပေးထားပါတယ်။ မကြာသေးမီက ဖြစ်ရပ်တစ်ခုမှာတော့ တက္ကသိုလ်ကျောင်းသူ တစ်ဦးက သတင်းစာကို ပြောကြားရာမှာ သူမဟာ တစ်လကို စင်္ကာပူဒေါ်လာ (၇,၀၀၀) ရတယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်အရွယ် ပိုလီတက္ကနစ်ခ် ကျောင်းသူ တစ်ဦးကတော့ ဖောက်သည်တွေအပေါ် ဝန်ဆောင်ခ တစ်နာရီကို ဒေါ်လာ ၂၅၀ ယူတယ်လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံသားတွေ ဧပြီလ (၁) ရက်နေ့က ဖတ်လိုက်ရတဲ့ ထိတ်လန့်စရာသတင်းကတော့ ဘဏ်လုပ်ငန်းရှင်တစ်ဦး၊ ကျောင်းအုပ် တစ်ဦး၊ ရဲအရာရှိတစ်ဦးအပါအဝင် လူပေါင်း ၆၀ ဟာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့တယ် ဆိုတဲ့ သတင်းပါ။ Today သတင်းစာက သတင်းပေးပို့ခဲ့ရာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အွန်လိုင်းပြည့်တန်ဆာ ကွန်ယက်တစ်ခုကို နှိမ်နင်းစဉ်အတွင်းမှာ အဲဒီ လူတွေကို ဖမ်းမိခဲ့တာပါလို့ ဖော်ပြခဲ့ပါတယ်။

လီရဲ့ သံမဏိအုပ်ချုပ်ရေး အောက်မှာတုန်းကတော့ ဒီလို အညှီအဟောက်သတင်းတွေ ရှားပါးလှပြီး ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရမှာပါ။
နယူးယောက်၊ တိုကျို၊ ပဲရစ် တို့လို ကမ္ဘာလုံးဆိုင်ရာ မြို့ကြီး ဖြစ်လာဖို့ အပြင်းအထန် ကြိုးပမ်းနေသော်လည်း၊ လိင်ကိစ္စကို ကိုယ်ကျင့် တရား ကောင်းမွန်မှုနဲ့ ဂရုတစိုက် ချဉ်းကပ်လိုတဲ့ စင်္ကာပူကို ဒီဖြစ်ရပ်က ထိုးနှက်လိုက်ပါတယ်။

ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံမှု၊ ပါးစပ်နဲ့ လိင်ဖျော်ဖြေမှုတို့အပြင် အများပြည်သူရှေ့မှာ ဖော်ချွတ်တာတွေကို ခွင့်မပြုသလို၊ ခုချိန်မှာ ဒိတ်အောက်နေပြီလို့တောင် ပြောရမယ့် ပလေးဘွိုင်း မဂ္ဂဇင်းဟာလည်း တားမြစ်စာရင်းထဲမှာ ပါဝင်ပါတယ်။ Sex and the Single Girl လို ရုပ်သံရှိုးတွေလည်း ထုတ်လွှင့်ခွင့် မရှိပါ။ ဆိုခဲ့ပါဖြစ်ရပ်တွေ ဘာကြောင့် ဖြစ်နေသလဲဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေက အဖြေအမျိုးမျိုး ထုတ်ကြပါ တယ်။ တစ်ခုကတော့ မျိုးဆက်သစ်က ပိုပြီး ပညာတတ်၊ ခရီးသွားလာမှု ပိုများ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ပိုများပြားတာကြောင့် အွန်လိုင်းမှာရော လက်တွေ့ဘဝမှာပါ ဆွဲဆောင်မှုတွေနဲ့ ပိုပြီးထိတွေ့ရလို့ပဲဆိုတဲ့ အဖြေပါပဲ။

ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ လိင်ရောင်းချမှုကနေ အလွယ် တကူငွေရှာဖို့ ဆွဲဆောင်ခံ ရနိုင်လောက်အောင် အားနည်းကြပါတယ်။ အရွယ်မရောက်တတ် ရောက်တတ် ကလေးတွေဟာ မိဘတွေရဲ့ နောက် ကွယ်မှာ ညစ်ညမ်းပုံတွေ၊ ဗီဒီယိုတွေကို ခိုးကြည့်ကြပါတယ်။

မကြာသေးမီက ပေါ်ပေါက်ခဲ့တဲ့ မကောင်းသတင်းတွေက ရုတ် တရက် ထဖြစ်ခဲ့တာမျိုးတွေ ဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ သဘာဝကို ပုံပျက် ပန်းပျက် ဖြစ်စေခဲ့တယ်လို့ အချို့က ခံစားကြရပါတယ်။ စင်္ကာပူနိုင်ငံသား အများစုက အိမ်ထောင်ရေး ဖောက်ပြန်မှုဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ယုံကြည်ကြပြီး သူတို့ဟာ သန့်သန့်ရှင်းရှင်း နေထိုင်ကြတယ်လို့ တွေးထင်ကြ တာပါ။ တစ်ချို့ကတော့ ဒီလို လွှဲမှားတဲ့ လုပ်ရပ်တွေဟာ ကာလရှည်ကြာ ရှိနေခဲ့ပြီး၊ အင်တာနက်ကြောင့်သာ ယခုမှ လူသိရှင်ကြား ပေါ်ထွက်လာ တာလို့ ယုံကြည်ကြပါတယ် ။

အတိတ်မှာတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် မစေ့စပ်ရသေးဘဲ လူမြင်ကွင်းမှာ လက်ခြင်းချိတ် သွားတာကို တောင် ခွင့်မပြုခဲ့တာနဲ့ နှိုင်းယှဉ်ပြီး၊ ယခု အပြောင်းအလဲဟာ ရှောင်လွှဲ မရတဲ့အရာအဖြစ် အချို့က ယူဆကြပါတယ်။

ပိုပြီး စိုးရိမ်စရာကောင်းတာက အခုတောအတွင်းဖြစ်ခဲ့တဲ့ လိင် အရှုပ်အထွေး သတင်းတွေဟာ ဆရာတွေနဲ့ ကျောင်းအုပ်တစ်ဦး အပါအ၀င် ပညာရေးလောကသားတွေကိုပါ သက်ရောက်ခဲ့တဲ့ ကိစ္စပါ။ ကျောင်းသား ငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့ပြီး နောက်တစ်ယောက် ကို ပါးစပ်နဲ့ လိင်ဖျော်ဖြေခိုင်းခဲ့တဲ့ မူလတန်းဆရာတစ်ယောက်ကို ထောင်ဒဏ် (၁၀) နှစ်နဲ့ ကြိမ်ဒဏ် ၆ ချက် ပြစ်ဒဏ်ချမှတ် ခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ကျောင်းရဲ့ အမျိုးသမီးအိမ်သာတွေမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာပါ။ ကျောင်း သူတွေနဲ့ လိင်ဆက်ဆံတဲ့ ဆရာတွေ အရေးယူခံရတဲ့ ဖြစ်ရပ်တွေလည်း တိုးပွားလာခဲ့ပါတယ်။ ဆရာမတစ်ယောက်က အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦးနဲ့ လိင်ဆက်ဆံလို့ အရေးယူခံရတဲ့ ဖြစ်ရပ်မျိုးလည်း ရှိပါတယ်။

ကျောင်းတွေနဲ့ပတ်သက်တဲ့ ကျော်မကောင်း ကြားမကောင်း သတင်းတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဟန်ဆွီက ဒီဖြစ်ရပ် အနည်းငယ်ကြောင့် စင်္ကာပူဆရာဆရာမတွေရဲ့ ပုံရိပ်ကို မထိခိုက်စေဖို့၊ အထင်မသေးကြဖို့ လူထုကို တောင်းပန်ထားပါတယ်။ စင်္ကာပူနိုင်ငံသားတွေ အကြီးအကျယ် တုန်လှုပ်သွားခဲ့တာကတော့ အကျင့်ပျက်ခြစားမှု စုံစမ်းရေးဗျူရို ထိပ်ပိုင်းအစိုးရ အရာရှိနှစ်ဦးကို မလျော်ကန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြုအမူတွေကြောင့် ဖမ်းဆီးလိုက်တဲ့ ဖြစ်ရပ်ပါ။ အဆိုပါနှစ်ဦးက စင်္ကာပူပြည်တွင်း ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ပီတာလင်မ်နဲ့ ဗဟိုမူးယစ် ဗျူရိုခေါင်းဆောင် တန်ဘွန်ဂေးတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စင်္ကာပူ လုံခြုံရေးယန္တရားရဲ့ အဓိကအစိတ်အပိုင်းတွေပါ။ ဖမ်းဆီးရတဲ့ အကြောင်းရင်းတွေကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။ New Paper ရဲ့ သတင်းပေးပို့ချက်မှာတော့ အစိုးရရုံးတွေကို အိုင်တီနဲ့ ၀န်ဆောင်မှုပစ္စည်းတွေ ရောင်းချတဲ့ ကုမ္ပဏီတစ်ခုက အမျိုးသမီးတစ်ယောက်နဲ့ ဒီကိစ္စဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အင်တာနက်မှာ ပုံတွေ ပျံ့နှံ့နေတဲ့ အဲဒီအမျိုးသမီးဟာ အလုပ်ကိစ္စအပြင် နောက်ထပ် “ပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေး” တစ်ခုပါ ရှိနေတယ်လို့ သိရပါတယ်။

အတိုက်အခံ အလုပ်သမားပါတီသည်ပင် ဒီအပုပ်သတင်းတွေရဲ့စနစ်က ပြေးလို့မလွတ်ပါဘူး၊ ပါတီရဲ့ ပါလီမန် အမတ်လောင်းတစ်ဦးဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်တဲ့ ယောရှင်လီယွန်ဟာ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ခြေပုန်းခုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပါတီက ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေမှာပါဝင်တဲ့ လုံခြုံရေးအကြီးအကဲနှစ်ဦး၊ ကျောင်းအုပ်တစ်ဦး တို့ဟာ သူတို့ရဲ့ရာထူးတွေကနေ နှုတ်ထွက်ပေးရပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်က အစိုးရဟာ စင်္ကာပူကို ပိုပြီးရိုးရာဆန်တဲ့ ပျော်စရာနေရာတစ်ခုအဖြစ် ပုံဖော်ခဲ့တာပါ။ ခေါင်းဆောင်တွေက စင်္ကာပူကျွန်းအနှံ့မှာ လွတ်လွတ်လပ်လပ် အနုပညာ ဖန်တီးနိုင်မယ့်နေရာ (Bohemias) အချို့ကိုလည်း ထားရှိဖို့ ပြောဆိုခဲ့ကြပါတယ်။

“ရိုးရာယဉ်ကျေးမှု ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ဟာ ကမ္ဘာအနှံ့က တီထွင်မှုစွမ်းရည် ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်တယ်” လို့ ထိုစဉ်က ၀န်ကြီးချုပ် ဂိုချောက်တောင်က ပြောကြားခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်သာ အရေးထားပြီး ပတ်ဝန်းကျင်ကို ဂရုမထားသူ အများကြီး ရှိနေပါပြီ။ အများစုက အစိုးရရဲ့ စည်းမျဉ်းစည်းကမ်း တင်းကြပ်လွန်းတဲ့ အုပ်ချုပ်ရေးပုံစံကို ဝေဖန်ကြပြီး၊ အဲဒါက အလုပ်မဖြစ်နိုင်သလောက်ပဲလို့ ထောက်ပြနေကြပါတယ်။

မင်းသက်စံ
Ref: Sex and the Lion City by Chian Nee - The Star


Friday, 27 July 2012

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း


မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း



တစ်ခါတုန်းက လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ် ။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက် မသိဘာသာ အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။

ဖုန်းဆက်သူ - “ ဟလို မခင်မြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ မခင်မြင့် ခြံ ထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ”
တစ်ဖက်မှ - “ ကျွန်မဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ”

ဖုန်းဆက်သူ “ မခင်မြင့်ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု မခင်မြင့်ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ”
တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်မ ပိုသဘောကျပါတယ်ရှင် ”

ဖုန်းဆက်သူ ( သည်းခံ နှိမ့်ချသောလေသံဖြင့် ) “ မခင်မြင့်ရေ ဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေးလုပ်ပေးပါ့မယ် ”
တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ရှင် ”

@@@@@@@@@@@@@@@

ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင် ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။

ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့ အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”
ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”

ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”
ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”

@@@@@@@@@@@@@@@@@@@@@@@@@@

“ အဲဒါကို မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်-- လူဆိုတာ ကိုယ်လုပ်နေ တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ မဟုတ် ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ဘူး ”

သက်တန့်ချို
A little boy and the store owner အားဘာသာပြန်သည်

ဘာလို့များကိုယ့်ကိုယ်ကို သတ်သေချင်ရသလဲ ညီမငယ်






တရုတ်ပြည်က အမျိုးသမီးတစ်ယောက်က လက်ထပ်ပွဲ ၀တ်စုံကြီးနဲ့ ခုနှစ်လွှာမြင့်တဲ့တိုက် အပေါ်မှ ပြ တင်းပေါက် ကနေ ခုန်ချဖို့ကြိုးစားရင်းကိုယ့်ကိုယ်ကို သတ်သေဖို့ကြံစည်ခဲ့ပါတယ် ။ အကြောင်းရင်း ကတော့ သူနဲ့လက် ထပ်ပွဲလုပ်မယ့် အမျိုးသားက လက်ထပ်ပွဲကို ရုတ်တရက်ဖျက်သိမ်းခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့ ။ ပုံမှာမြင်ရတဲ့ အတိုင်း ယောင်္ကျားတစ်ဦးက သူ့ကို ကယ်ဆယ်ခဲ့ပါတယ် ။ ဒီအဖြစ်လေးကို Almost Hit A billion ဆိုတဲ့ပေ့ခ်ျမှာ တင်ထားခဲ့ပါတယ် ။ ဒါလေးတွေ့ပြီးအောက်ပါ စာစုလေးကို ချရေးမိတယ် ။

- ဘယ်လိုကွဲ့  သေချင်သတဲ့လား -- ဘ၀ဆိုတာ နာရီပေါင်းဘယ်လောက်ရှိသလဲ မင်းသိသလား ညီမငယ် -- သေရုံနဲ့ သာအေး ချမ်းရကြေးဆို ငါ - လူတောင်မဖြစ်ချင်တော့ဘူး။

- ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့အရှုံးပေါင်းများစွာဆီကနေ ရင်မဆိုင်နိုင် လို့ ရှောင် တိမ်းခြင်းသာဖြစ်တယ် ။ ယောင်္ကျားတစ်ယောက်နဲ့လက်မထပ်လိုက်ရလို့ အဆိုးရွားဆုံးခံစားမှု ဆို ပါတော့
၁ ။ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း
၂ ။ အသိုင်းအ၀ိုင်းအလယ် မျက်နှာမဖော်လိုခြင်း
၃ ။ ယူကြုံးမရခြင်း
၎ ။ ပူလောင်သောကများခြင်း
၅ ။ စိတ်ဓါတ်ကျခြင်း
အဲဒီငါးချက်ကို ရင်မဆိုင်နိုင်လို့ ရင်မဆိုင်ရဲလို့ အသက်တစ်ခု ချုပ်ငြိမ်းအောင်ကြိုးစားတာ သူရဲဘောကြောင် သူတို့ လုပ်ရပ်သာဖြစ်တယ်ညီမငယ် ။

- ဘ၀ ရဲ့ တန်ဖိုး ဘ၀ရဲ့ အဆုံးသတ်ဆိုတာ သေခြင်းတရားလို့ပြောတာဟာ ခပ်ညံ့ညံ့လူတွေရဲ့ အတွေး အခေါ်ဖြစ်တယ် ။ ဘ၀ရဲ့ တန်ဖိုး ဆိုတာ ကိုယ်ဘ၀တစ်လျှောက်လုံးဘယ်လောက်ထိ တန်ဖိုးရှိရှိနေလာသလဲ ဘယ်လောက်ထိတောင် လူ့လောကအကျိုးသယ်ပိုးလို့ လူပီသစွာ နေနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာ တယ် ။ ဘ၀ရဲ့အဆုံးသတ်ဆိုတာ သေခြင်းတရားဆိုတာထက် ပိုနက်ရှိုင်းတယ်ညီမငယ် ။

- မင်းသေသွားယုံနဲ့ မင်းဘ၀ ငြိမ်းချမ်းသွားမယ်လို့ မင်းအာမခံနိုင်ပါသလား ။ မင်းမှာ ဆက်လျှောက်ရမယ့် သံသရာ ခရီးရှည်ကြီးရှိသေးတယ် ။ ဖြတ်သန်း၇မယ့် ဘ၀ပေါင်းများစွာ ရှိသေးတယ် ။ ပေးဆပ်ရမယ့် ၀ဋ်ကြွေးတွေရှိသေးတယ် ။ ကြောက်ဖို့ကောင်းတယ်လို့မင်းမထင်မိဘူးလား ညီမငယ် ။

- သာသနာနဲ့ကြုံတွေ့ရချိန် လူ့ဘ၀မှာ မင်း တန်ဖိုးရှိတဲ့အ နှစ်သာရနဲ့တရားဓမ္မကို မယူဆောင်နိုင်ရင် မင်းဟာ လူဖြစ်ရှုံးကြီး ရှုံးသူသာဖြစ်တယ် ။ ငယ်ငယ်တုန်းက ကိုယ်ကဗျာ စာကြောင်းလေးတွေရွတ်ပြချင်တယ် ။ “ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင်ရှိသေးရဲ့လား ” ဆိုသလိုပေါ့ လူ့ဘ၀ဆိုတဲ့ မြင့်မြတ်တဲ့ လူသားဘ၀ ကို ပိုင်ဆိုင်နေပြီးကာမှ ဘာကြောင့်များ စိတ်ခံစားမှုတစ်ခု ၊ အချစ်အမုန်း ပူလောင်သောကတွေနဲ့အချိန်ကုန်ခံပြီး ဘ၀ရဲ့ အနှစ်သာရကိုမေ့လျော့နေရသလဲ ညီမငယ် ။

- သေခြင်းတရားဆိုတာ မင်းထင်နေသလို အဆုံးသတ်တစ်ခုမဟုတ်ဘူး ။ မင်းထင်နေ သလို ငြိမ်းအေး ရာမဟုတ်ဘူး ။ ဘ၀မှာ နေထိုင်ဖို့အချိန်စေ့လို့ တို့တွေ သံသရာမှာ နောက်ဘ၀တစ်ခုကို ကူးပြောင်းဖို့ တံခါးဝ တစ်ခုသာဖြစ်တယ် ။ မင်း ဒီဘ၀မှာ ဘာတွေကို ယူသွားနိုင်လို့ နောက်ဘ၀ကိုကူးမယ့် တံခါးကိုသွားချင်ရသလဲ ။

- အချိန်ကသိပ်နည်းတယ်ညီမငယ် -- ကုသိုလ်တရားနဲ့အကုသိုလ်တရားဟာ ကိုယ်သွားမယ့် သံသရာ တလျှောက် နောက် ကနေ အမြဲ ကပ်လိုက်ပါမယ့် အရိပ်တွေသာဖြစ်တယ် ။ မင်း မှာ အကုသိုလ်တွေ များရင်မင်း ငရဲရောက်မယ် မင်းမှာ ကုသိုလ်တွေများရင်မင်း ကောင်းတဲ့ဘုံဘ၀ကိုရောက်မယ် ။ မင်းအခုအချိန်ထိ ဘာတွေ များ လုပ်နေခဲ့သလဲ ပြန်ဆန်းစစ်ကြည့်ပါ ။

သက်တန့်ချို

Sunday, 22 July 2012

ကလေးရယ်---ကလေးရယ်

ကလေးရယ်---ကလေးရယ်



ကလေးရယ်---ကလေးရယ်

အရမ်းကြောက်နေလား ကလေးရယ်
ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်
ဘ၀ ဆိုတာကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှမဟုတ်တာပဲ
အရမ်းကြောက်နေလား ကလေးရယ်

တချိန်မှာ မင်းတို့အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား
ငါမတွေးရဲဘူးကလေးရယ်
မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင်လွှမ်းတဲ့ညနက်ထဲ
မင်းချမ်းနေရှာမလားကလေးရယ်--
ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်

လူချမ်းသာတွေ ဟော်တယ်တက်ပြီးဇိမ်ယစ်နေချိန်
မင်း ကြောက်နေရတယ်ကလေးရယ်
လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန်
မင်း လမ်းေးပျာက်နေရတယ်ကလေးရယ်
“ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ်
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ်

လူပဲကွယ် -- လူပဲ
မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့
မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့
မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့
မင်းလည်း ---
မင်းလည်း ------
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ်

ကလေးရယ် --ကလေးရယ်
မင်းမေမေကရော ဘယ်မှာလဲကွယ်
မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ
ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ်
ဆာလောင်မွတ်သိပ်ခြင်းနဲ့မင်းရယ်
ဟင်းမကောင်းလို့ မေမေ့ကိုညူဆူတတ်တဲ့ ကလေးတွေရယ်
ငါယှဉ်ကြည့်မိတယ်
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေတဲ့လား
အကြောက်တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ
ကလေးရေ ---ကလေးရေ --
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ်

“ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ”

သက်တန့်ချို

အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ





ဆရာမ က ကျောင်းသားတွေကို ဂိမ်းတစ်ခုကစားဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။

ကျောင်းသားတစ်ယောက်ဆီကို အတန်းထဲကို အာလူးအနည်းငယ်ပါတဲ့အိတ်တစ်အိတ်စီ သယ်ဆောင် လာကြဖို့အ တွက် ဆရာမက ကျောင်းသားတစ်ဦးဆီကိုပြောလိုက်တယ် ။ အာလူးတစ်ဦးဆီမှာ သူတို့မုန်းတဲ့သူ ငယ်ချင်းတွေနာမည်ကိုရေးခိုင်းလိုက်တယ် ။ ပလပ်စတစ် အိတ်ထဲမှာ အာလူးဘယ်လောက် ပါလာမလဲ ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သူတို့လူဘယ်နှစ်ယောက်ကို မုန်းနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။

ဂိမ်းကစားတဲ့နေ့ရောက်တဲ့အခါ ကျောင်းသားတိုင်းက သူတို့မုန်းတဲ့လူနာမည်တွေရေးထားတဲ့ အာလူး တွေကို အိတ်ကလေးတွေထဲထည့်ပြီးယူဆောင်လာကြတယ် ။ တချို့က အာလူး ၂လုံးပါတယ် တချို့ကတော့ အာလုံး ၃ လုံးပေါ့ တချို့ဆို အာလုံး ငါးလုံးအထိတောင်ပါလာခဲ့တယ် ။ ဆရာမက ကျောင်းသားတွေကိုပြောလိုက်တယ် ။

“ တပည့်တို့ အခုပါလာတဲ့အာလူးတွေထည့်ထားတဲ့အိတ်ကလေးတွေကို တစ်ပတ်တိတိ တပည့်တို့ဘယ်ကို သွားသွား ယူသွားရမယ် နောက်ဆုံးအိမ်သာထဲသွားရင်တောင် ဒီအိတ်ကလေးကိုယူသွားရမယ် ” လို့မှာကြား လိုက်တယ် ။

ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တယ် ။ ကျောင်းသားတွေက အချိန်ကြာလာတော့ ပုပ်အက်လာတဲ့ အာလူးတွေကြောင့် မနှစ်မြို့စရာ အနံ့တွေကို စတင်ပြီး စောဒက တက်လာခဲ့ကြတယ် ။ ဒါ့အပြင် အာလူးငါးလုံးယူလာတဲ့ကျောင်းသားဆိုရင် အိတ်ကြီးကြီး သယ်ရတဲ့အတွက် အဆင်မပြေဘူးဖြစ်နေခဲ့တယ် ။ တစ်ပတ်ပြီးတဲ့ အခါ ကျောင်းသားတွေသက်သာခွင့်ရသွားကြတယ် ။ ဘာလို့လည်းဆိုတော့ သူတို့ကစားပွဲ ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ဖြစ်တယ် ။

ကျောင်းသားတွေက သူတို့ကြုံရတဲ့ဒုက္ခတွေအတွက် မချင့်မရဲဖြစ်ပြီး ပြဿနာတွေကို စောဒကတက်ခဲ့ကြတယ် ။ ဒီလို လေးလံပြီး အနံ့အသက် မကောင်းတဲ့အိတ်ကြီးကို သူတို့ ဘယ်နေရာသွားသွား သယ်ဆောင် သွားရတယ်ဆိုတာကိုပေါ့ ။

ဆရာမက ကျောင်းသားတွေအားလုံးကိုစုဝေးစေပြီး အခုပြီးဆုံးသွားတဲ့ကစားပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ကိုပြောပြခဲ့တယ် ။

“ တပည့်တို့ အာလူးတွေအပေါ်မှာ ကိုယ်မုန်းတဲ့သူနာမည်ကို ရေးထွင်းခိုင်းခြင်းဟာ တပည့်တို့ နှလုံးသားထဲမှာ တပည့်တို့ မုန်းနေတဲ့ လူတွေရဲ့ နာမည်တွေအကြောင်းအရာတွေကို ထည့်သွင်းထားခြင်းနဲ့တူတယ် ။ အာလူးတွေကို တပည့်တို့သွားလေရာ အိတ်နဲ့ထည့်ပြီးသယ်ဆောင်သွားရသလို တပည့်တို့ မုန်းနေတဲ့ လူတွေကို တပည့်တို့က နှလုံးသားထဲထည့်ပြီးသယ်ဆောင်သွားကြတယ် ။ အချိန်ကြာလာတော့ အာလူးတွေကပုပ်ပြီး ဆိုးရွားတဲ့အနံ့တွေထွက်လာသလို တပည့်တည်းလည်း ကိုယ်သူတပါးအပေါ် ထားရှိတဲ့အမုန်းတွေကြောင့် အပုပ်နံ့တွေ ထွက်ပြီးနှလုံးသားတွေက မဖြူစင်ကြတော့ဘူး ။ တစ်ပတ်အတွင်းမှာတောင် တပည့်တို့အာလူး ပုပ်တွေရဲ့ဆိုးရွားတဲ့ရနံ့တွေကို ခံခဲ့ကြရတယ်မဟုတ်လား ။ ဒါဆို နှလုံးသားထဲ ထည့်သွင်းမိတဲ့အမုန်းတွေကို ဘာကြောင့်များ တစ်သက်လုံးသယ်ဆောင်သွားကြမလဲ ။ တစ်ပတ်ပြီးနောက်အာလုံးတွေကို ပစ်လိုက်ရတဲ့အခါ ရရှိလာတဲ့ ပေါ့ပါးလန်းဆန်းမှုမျိုးကို တပည့်တို့ပြန်တွေးကြည့်ကြပါ ။ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးသလဲ ။ ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်နှလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးပုပ်စော်နံမှု မဖြစ် ပါစေနဲ့”

---------------------------------------------------------

ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့ ။ အာလူးပုပ်တွေကို လွှင့်ပစ်လိုက်သလို သင်လည်း အမုန်းတွေကို စွန့်ပစ်လိုက်ပါ ။ သင်သာမစွန့်ပစ်နိုင်ခဲ့ရင် သင်ဘယ်သွားသွား အဲဒီအမုန်းတွေကို သင့်နှလုံးသားကသယ်ဆောင်သွား၇လိမ့်မယ် ။အ ချိန်ကြာလာတဲ့အခါ အာလူးတွေပုပ် သွားသလို သင့် နှလုံးသားမှာလည်းအမုန်းတွေကြောင့် မာကြောခက်ထန်မှုတွေနဲ့ ပူလောင်မှုတွေ သာကြုံတွေ့ ရလိမ့်မယ် ။

ဒီနေ့ကစပြီး

သင့်ရဲ့ အမုန်းတွေထည့်ထားတဲ့ နှလုံးသားကို စွန့်ပစ်လိုက်ပါ စာဖတ်သူ ။

သက်တန့်ချို
The Game အား ဘာသာပြန်ခံစားသည် ။

ဘ၀-ကိုဖြတ်သန်းတဲ့အခါ ---



ဘ၀-ကိုဖြတ်သန်းတဲ့အခါ ---

> အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ

> ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ

> မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ

> ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့

> အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ

> အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

> ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ

> အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ

> ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ

> မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့

> သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့

> ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့

> ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့

> Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

> အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။

> အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။

သက်တန့်ချို
ဖတ်မိသမျှ ၊ မှတ်မိသမျှ ၊ တွေးမိသမျှ ။

(၁)ရှက်လို့

(၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာ
သည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။  သူငယ်ချင်းတစ်ယေက်ဆီကပါ...........